Discoverfullfeed | Myanmar Our Daily Bread
fullfeed | Myanmar Our Daily Bread
Claim Ownership

fullfeed | Myanmar Our Daily Bread

Author: noreply@rbc.org

Subscribed: 17Played: 85
Share

Description

Myanmar Our Daily Bread site
2172 Episodes
Reverse
ဒေ့ဘရဲနွန် တိမောသေသြဝါဒစာဒုတိယစောင် ၁:၆-၁၂ ထိုကြောင့်၊ ငါတို့သခင်ဘုရား၏ သက်သေကိုလည်းကောင်း၊ ထိုသခင်ကြောင့် အကျဉ်းခံရသောသူဖြစ်သော ငါ့ကိုလည်းကောင်း ရှက်ကြောက်ခြင်း မရှိနှင့်။ [ ၂ တိ ၁:၈ ] သခင်ယေရှု၌ တည်ကြည်သောယုံကြည်ခြင်းကြောင့် အသတ်မခံရမီ၊ နာမည် မှတ်တမ်းမတင်ရသေးသော အာဖရိကန်သင်းအုပ်ဆရာတစ်ဦးက“မာတုရ၏ ဆုတောင်းသံ”(A Martyr’s Prayer)ကို ရေးခဲ့သည်။ ရှေးခေတ်မှ ဤလေးနက်သော သတင်းစကားသည် “ရှက်ကြောက်ခြင်းကင်းသူတို့၏ မိတ်သဟာယ” (The Fellowship of the Unashamed) ဟုလူသိများလာသည်။ ဤသင်းအုပ်၏စကားများသည် သခင်ယေရှုကို ယုံကြည်သူအားလုံး အတွက် စိန်ခေါ်ချက်ဖြစ်ပြီး၊ တိမောသေအား တမန်တော်ပေါလု ပြောခဲ့သော “ငါတို့သခင်ဘုရား၏ သက်သေကိုလည်းကောင်း၊ ရှက်ကြောက်ခြင်း မရှိနှင့်” (၂တိ ၁:၈)။ “အကြောင်းမူကား သန့်ရှင်းသော ဝိညာဉ်တော်သည် ငါတို့အား “တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏”(:၇)ဟူသည့် စကားများကို ထင်ဟပ်သည့်စိန်ခေါ်ချက်ဖြစ်သည်။ စာထဲတွင် သစ္စာရှိသော အာဖရိကန်သင်းအုပ်ဆရာက ဤသို့ရေးသားခဲ့သည်။ “ကျွန်ုပ်သည် ရှက်ကြောက်ခြင်းကင်းသော မိတ်သဟာယ၏တစ်စိတ်တစ်ပိုင်း ဖြစ်ပါ၏။ ဆုံးဖြတ်ချက်ချပြီးပါပြီ။ ကျွန်ုပ်သည် [သခင်ယေရှု] ၏ တပည့်တစ်ဦးဖြစ်ပြီး၊ ကျွန်ုပ်သည် နောက်မဆုတ်၊ လက်မလွတ်၊ မတုံ့မဆိုင်း၊ နောက်ပြန်မလှည့်၊ ဒီအတိုင်း မနေပါ။ ကျွန်ုပ်၏အတိတ်ကို (သခင်)ရွေးနှုတ်ပြီး ဖြစ်သည်။ ကျွန်ုပ်၏ပစ္စုပ္ပန်မှာ အဓိပ္ပာယ်ရှိလျက် ကျွန်ုပ်၏အနာဂတ်လုံခြုံပြီ။ ကျွန်ုပ်သည် ယုံကြည်ခြင်းဖြင့် အသက်ရှင်၏။ မျက်မှောက်တော်ကို ခိုကိုး၏။ သည်းခံခြင်းဖြင့် လျှောက်လှမ်းကာ၊ ဆုတောင်းလျက် မျှော်လင့်ပါ၏။ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ကြိုးစားလုပ်ဆောင်ပါ၏”။ တိမောသေနှင့် ထိုသင်းအုပ်နှစ်ဦးစလုံးသည် ကျွန်ုပ်တို့ဘယ်သောအခါမျှ မကြုံနိုင်သော အခက်အခဲများကို ရင်ဆိုင်ခဲ့ကြသော်လည်း သူတို့၏ စကားများက မိမိ၏ယုံကြည်ခြင်း စမ်းသပ်ခံရသောအခါ ခိုင်ခံ့စွာ ရပ်တည်ရန် ကျွန်ုပ်တို့ကို စိန်ခေါ်သည်။ ဘုရားသခင်သည် “သူ၌ အပ်ထားသော—ကျွန်ုပ်တို့၏ဘဝနှင့် အနာဂတ်ကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင်တော်မူ”(:၁၂)ခြင်းကြောင့် ကျွန်ုပ်တို့သည် ရှက်ကြောက်ခြင်း မရှိနိုင်ပါ။ ခရစ်တော်အတွက် မရှက်ကြောက်ရန် သင့်အား အဘယ်အရာက သတ္တိရှိစေသနည်း။ ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်း မရှိသူများ၏ ပုံသက်သေများကို သင်မည်သို့ လိုက်လျှောက်နိုင်မည်နည်း။ ချစ်သော ဘုရားသခင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား တန်ခိုးပေးမည်ဟု ကတိတော် ရှိပါ၏။ ကိုယ်တော်အတွက် ရပ်တည်ပြီး အခြေအနေအမျိုးမျိုး၌ ရှက်ကြောက်မှု မရှိစေရန် မစတော်မူပါ။ □ သု ၆-၇ □ ၂ ကော ၂ သခင်ယေရှုအတွက် မရှက်ကြောက်ပါ တိမောသေဩဝါဒစာဒုတိယစောင် ၁း၆-၁၄ တွင် ရှင်ပေါလုက တိမောသေအား ပေးသောအကြံဉာဏ်သည် မောက်မာသော၊ မထီလေးစားပေါ့တန်စွာ ပေးသော အကြံများ မဟုတ်ပါ။ ထိုအချက်ကို သူ၏ ဒုက္ခဝေဒနာကြားမှ ရေးသားခဲ့ခြင်းဖြစ်သည်။ စင်စစ် ထိုအချိန်တွင်လည်း သူသည် အကျဥ်းကျခံနေရပြီး မကြမမြင့်မီတွင် သူသေဒဏ် ချမှတ်ခံရတော့မည်ဟု နားလည်ထားသည်။ ”ငါ့ကို ယဇ်ပေါ်မှာ လောင်းရသောအချိန်ရှိပြီ။ စုတေ့ရသောအချိန် ရောက်လေပြီ” ဟု သူရေးသားခဲ့သည်(တိမောသေဩဝါဒစာ ဒုတိယစောင် ၄း၆)။ ထို့ပြင် ထိုအချိန်ကိုလည်း သူမျှော်လင့် စောင့်စားနေသည်။ အသေသတ်ခြင်းမတိုင်မီညက တပည့်တော်များအား သခင်ယေရှု သွန်သင်ညွှန်ကြား သကဲ့သို့ ရှင်ပေါလုသည်လည်း အမှုတော်တာဝန်ကို ဆက်လက်ထမ်းဆောင်မည့် သူ၏သားတပည့် အလုပ်သင်လေး တိမောသေ၏ ယုံကြည်ခြင်းနှင့်အမှုတော်ကို တိုးတက်စေရေးကိုသာ အာရုံစိုက်ခဲ့သည်။ “သင်၌ ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည်အကြောင်း ငါသည် သင့်ကိုသတိပေး၏” (၁း၆)၊ ”ဘုရားသခင်ပေးတော်မူသော တန်ခိုးကို ရသည်အတိုင်း ဧဝံဂေလိတရားနှင့်ဆက်ဆံ၍ ဆင်းရဲဒုက္ခကို ခံလော့”(း၈) ဟူ၍ တိုက်တွန်းခဲ့သည် ။ “ (သခင်ယေရှုသည်) သေခြင်း အကြောင်းကို ပယ်ရှား၍ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူ၏” (၁၀)။ ထိုကယ်တင်သော သခင်ယေရှုခရစ်ပေါ်ထွန်းသည်အရာကို သူမျှော်လင့်စောင့်စားခြင်းကြောင့် သေခြင်းတရားကို ရှင်ပေါလု မကြောက်ပေ။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း စစ်ကြောခံရသောအခါ ကျွန်ုပ်တို့လည်း ခိုင်ခံ့စွာ ရပ်တည်နိုင်ပါသည်။ တင်မ်ဂပ်စ်ထက်ဖ်ဆန် https://myanmar-odb.org/PoA
မာဗင်ဝီလီယံ ဧဖက်ဩဝါဒစာ ၂:၁-၁၀ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ [ ဧ ၂:၈ ] ပြင်သစ်သင်္ဘောသားတစ်ဦးသည် သူ၏ကြောင်နှင့်အတူ အလာ့စ်ကာ (Alaska) ပြည်နယ် တောင်ဘက်ပိုင်း ကျွန်းတစ်ကျွန်းရှိ ဒတ်ချ် (Dutch)ဆိပ်ကမ်းမှ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့သို့ ရွက်လွှင့်နေစဉ် ကြီးမားသောလှိုင်းလုံးကြီးကြောင့် ရွက်လှေတိမ်းမှောက်သွားခဲ့သည်။ လှေသည် သူ့ဘာသာသူ တည့်မတ်သွားသော်လည်း သူ၏လက်မှ တက်မလွတ်ထွက်သွားပြီး ပြင်းထန်သော လှိုင်းရိုက်ခတ်မှုဒဏ်ကိုခံခဲ့ရသည်။ သူသည် အားကိုးရာမဲ့ဖြစ်လျက် ထိန်းချုပ်နိုင်စွမ်းမရှိ၊ လှေလှော်၍ မရ၊ ရေထဲ၌ ဘာမှမလုပ်နိုင်ဘဲ ပိတ်မိနေပြီဟု ဆိုးရွားသော အခြေအနေကို ကမ်းခြေစောင့်တပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။ နောက်ဆုံးတွင်၊ ကမ်းခြေစောင့်တပ်ဖွဲ့သည် အနီးအနားရှိ ရေနံတူးသင်္ဘောတစ်စင်းကို ဆက်သွယ်ခဲ့ပြီး သူ့ကို ကယ်ဆယ်ခဲ့သည်။ သူသည် အပေါ်အင်္ကျီအတွင်း ထည့်ထားသည့်ကြောင်ကိုပိုက်ကာ ကယ်ဆယ်ရေးသင်္ဘောပေါ်သို့ အမှန်တကယ်ပင် ယုံကြည်ခြင်းခြေလှမ်းဖြင့် တက်လှမ်းခဲ့ရပါသည်။ ဧဖက် ၂ တွင် ပေါလုသည် ရေထဲတွင် ပိတ်မိလျက်၊ ဝိညာဉ်ရေးအရ သေဆုံးသွားပြီး ဘုရားသခင်နှင့် ကွဲကွာနေသည့် (:၁) လူသား၏အပြစ်နှင့်မျှော်လင့်ချက်မဲ့သောအခြေအနေကို ဖော်ပြသည်။ ထို့အပြင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်အလို ရှိသမျှကို မနာခံ(:၂)၊ ကယ်တင်ခြင်းရရှိရန် မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ဘဲ အကျင့်ပျက်ပြားနေသည်(:၃)။ သို့သော် “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်” ကျွန်ုပ်တို့ ကယ်တင်ခြင်းသို့ ရောက်ရန် သခင်ယေရှု ပြုပေးခဲ့ပြီး၊ ဤကယ်တင်ခြင်းသည် “ဘုရားသခင်၏ဆုလက်ဆောင်” ဖြစ်သည်(:၈)။ ကျွန်ုပ်တို့အားလုံးသည် မာန်ဟုန်ပြင်းသော အပြစ်နှင့်သေခြင်းပင်လယ်လှိုင်းတံပိုးများတွင် မျောပါနေကြသော်လည်း ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း လက်အစုံထဲသို့ လှမ်းတက်နိုင်‌အောင် ပြုပေးသည့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ရှိခြင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းပါ။ ခရစ်တော်တစ်ပါးတည်းသာ ကျွန်ုပ်တို့ကို ကယ်တင်နိုင်ပြီး ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်သည်။ သခင်ယေရှု ပြုပေးခဲ့သောကယ်တင်ခြင်းနည်းလမ်းကား အဘယ်နည်း။ ကိုယ်တော်၌ ယုံကြည်ခြင်းနှင့် ကိုယ်တော်ပြုပေးသောကယ်တင်ခြင်းသည် မည်သို့ဆက်စပ်သနည်း။ ချစ်စွာသောသခင်ယေရှု၊ ယုံကြည်ခြင်းဖြင့် ကိုယ်တော်၏ ကယ်တင်သောလက်တော်သို့ ခုန်ဝင်နိုင်အောင် ကိုယ်တော်၏ကရုဏာတော်နှင့် ကျေးဇူးတော်သည် ကျွန်ုပ်အား မစပေ၏။ □ ဟေရှာ ၉-၁၀ □ ဧ ၃ ယုံကြည်ခြင်းခြေတစ်လှမ်း ဧဖက်ဩဝါဒစာအခန်းကြီး ၂ တွင် သခင်ခရစ်တော်၏ ကယ်တင်ခြင်းကို ကျွန်ုပ်တို့လိုအပ်ကြောင်းကို မငြင်းနိုင်ဟု ရှင်ပေါလု၏သွန်သင်ချက်တွင် ရှင်းလင်းစွာ တွေ့ရသည်။ သခင်ခရစ်တော်နှင့်ကွာဝေးလျှင် ကျွန်ုပ်တို့သည် “ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော”(း၁)၊သူများဖြစ်ပြီး၊ ထိုသို့သေနေသူတို့သည် သူတို့ဘာသာသူတို့ မည်သည့်အရာကိုမျှ မပြုနိုင်ကြပေ။ “ကရုဏာ‌တော်နှင့် ကြွယ်ဝတော်မူသောဘုရားသခင်သည် (ကျွန်ုပ်တို့ကို) မဟာမေတ္တာတော်နှင့်ချစ်တော်မူ”သောကြောင့်၊ သခင်ခရစ်တော်၏ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသက်ပေးသနားတော်မူသည့် ဘုရားသခင်ကို ကျွန်ုပ်တို့ မည်မျှကျေးဇူးတင်သင့်ပါအံ့နည်း။ အသက်ကိုပေးတော်မူသည့်အပြင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ”ကောင်းကင်အရပ်၌ နေရာပေးတော်မူ”သည်။ (း၆)။ ဤအရာအားလုံးမှာ ဘုရားသခင်သည် သူ၏“ကျေးဇူးဝောာ်အလွန်ကြွယ်ခြင်းကို” ကျွန်ုပ်တို့အား ဖော်ပြရန် ဖြစ်သည်(း၇)။ သခင်ယေရှုနှင့်ကွာလျှင် ကျွန်ုပ်တို့သည် ပျောက်ဆုံးပြီး၊ ကူရာမဲ့သူများ ဖြစ်ကြသည် (း၈-၉)။ သို့သော် ကိုယ်တော်သည် ကြွဆင်းလာကာ ကျွန်ုပ်တို့၏နေရာကို အစားထိုး နေရာဝင်ယူခဲ့သည်။ ဘုရားသခင်သည် သူ့ကို ယုံကြည်သသူများအား ကယ်တင်ကာ လုံခြုံရာသို့ ပို့ဆောင်ပေသည်။ ဘေလ်ခရောက်ဒါ https://myanmar-odb.org/Ppx
Nancy Gavilanes ရှင်ယောဟန်ခရစ်ဝင် ၁၁:၃၈-၄၄ (ယေရှုကလည်း) လာဇရု၊ ထွက်၍လာလော့ဟု ကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါသေလွန်သောသူသည် ... ထွက်လာ၏။ [ ယော ၁၁:၄၃-၄၄ ] ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုတွင် ဘတ်ဖလိုဘေးလ်စ် (Buffalo Bills) အဖွဲ့မှ ဒါမာ ဟမ်လင်း (Damar Hamlin) သည် ပုံမှန် ဘောလုံး သယ်လာသူကို ဝင်လုရာမှ လဲကျသွားရာ၊ ပရိသတ်များ ကြက်သေသေသွားခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ကစားသမားသည် ရုတ်တရက် နှလုံးရပ်သွားခဲ့သည်။ သို့သော်လည်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ ကုသပေးမှုဖြင့် ကစားကွင်းထဲ၌ပင် ပြန်လည်နှလုံးခုန်လာခဲ့သည်။ အံ့ဩစရာမှာ ဟမ်လင်းသည် ကွင်းထဲမှာပင် သေမလိုဖြစ်ခဲ့ပြီး၊ သတိပြန်လည်လာကာ၊ သုံးလအကြာတွင် ဘောလုံးပြန်ကစားနိုင်ပြီဟု ရှင်းလင်းသောအဖြေရခဲ့သည်။ ဟမ်လင်းက ဘုရားသခင်နှင့် သူ၏အသက်ကို ကယ်တင်ခဲ့သော ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး၊ သူသည် အခြားသူများကို အားပေးလှုံ့ဆော်သူဆက်ဖြစ်နေရန် စီစဉ်လုပ်ဆောင်ခဲ့သည်။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး(၁၁)တွင် လာဇရုသည် မှတ်မှတ်ယယ အံ့ဩဖွယ် ပြန်လည် ကျန်းမာလာခဲ့သည်။ ဗေသနိရွာသို့ သခင်ယေရှုရောက်ရှိချိန်တွင် လာဇရုသေသည်မှာ၄ ရက်ပင် ရှိနေပြီးဖြစ်သည်။ ကြေကွဲနေသော မာရိနှင့်မာသ ညီအစ်မနှစ်ဦးတို့မှာ သေခြင်း အပေါ် သခင်ယေရှု၏တန်ခိုးရှိခြင်းနှင့် ကိုယ်တော်သည် “ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်းအကြောင်း” (ယော ၁၁:၂၅) ဖြစ်ကြောင်း မြင်ခဲ့ကြရသည်။ “ယေရှုက လာဇရုထွက်၍လာလော့ဟု ကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့် ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပဝါနှင့်စည်းလျက် ထွက်လာ၏” (:၄၃-၄၄)။ ကျွန်မတို့သည်လည်း ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းတန်ခိုး၏ စံနမူနာများ ဖြစ်ကြသည်။ တစ်ချိန်က ကျွန်မတို့သည် အပြစ်နွံတွင်းသေခဲ့ကြပြီး၊ ယခုတွင် ခရစ်တော်၌ အသက်ရှင်ပြီဖြစ်သည်(ရော ၆:၁-၁၁)။ သခင်ယေရှုကို သေခြင်းမှ ထမြောက်စေသော ဘုရားသခင်၏ဝိညာဉ်တော်သည် ယုံကြည်သူ ကျွန်မတို့အထဲ၌ ကျိန်းဝပ်တော်မူ၏ (၈:၁၀-၁၁)။ အားယူ၍ ရဲရင့်ခြင်းရှိပါ။ ကျွန်မတို့၏ရုပ်ခန္ဓာ သေဆုံးသွားသော်လည်း ၎င်းသည် ကျွန်မတို့၏ဇာတ်လမ်းအဆုံး မဟုတ်သေးပါ။ သခင်ယေရှုနှင့်အတူ ထာဝရအသက်ကို ခံစားရန် ကျွန်မတို့အား ကိုယ်တော် ကတိပြုထားပေသည်။ ထာဝရအသက်ဆုကျေးဇူးသည် သင့်အား မည်သို့သောမျှော်လင့်ချက်ပေးသနည်း။ သခင်ယေရှု၏ထမြောက်ခြင်းတန်ခိုးသည် သင့်အား မည်သို့ ခွန်အားပေးသနည်း။ ချစ်စွာသောဘုရားသခင်၊ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းတန်ခိုးအတွက် ကျေးဇူးတင်ပါ၏။ □ ဟေရှာ ၇-၈ □ ဧ ၂ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုး ရှင်ယောဟန်ခရစ်ဝင် ၁၁း၁-၂ တွင် မာရိနှင့်မာသတို့၏မောင်သည် ဖျားနာပါသည်။ သို့တိုင် ထိုချစ်လှစွာသောမိသားစုနေအိမ်သို့ အလျင်စလိုသွားမည့်အစား သခင်ယေရှုသည် “ကြွတော်မမူဘဲ ထိုအရပ်၌ နှစ်ရက်နေ‌တော်မူ၏။”(း၆)။ ကိုယ်တော်သည် “ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်”ဖြစ်သောကြောင့် စောင့်ခဲ့သည်ဟု ထိုခရစ်ဝင်ကျမ်းက ပြောထားသည်။ (း၄)။ ကိုယ်တော်၏အုပ်စိုးခြင်းအာဏာနှင့် တန်ခိုးတော်ကိုသိကာ ကိုယ်တော်အား ကျွန်ုပ်တို့ယုံကြည်သောအခါ ဘုရားသခင်ဘုန်းတော်နာမတော်ထင်ရှားပေသည်။ ယနေ့ဖတ်ရန် ကျမ်းပိုဒ်တွင် သခင်ခရစ်တော်သည် မာသအား “သင်သည် ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်။ ငါပြောပြီ မဟုတ်လောဟုမိန့်တော်မူ၏”(၁၁း၄၀)။ သခင်ယေရှုသည် သူ့ကို ယုံကြည်စိတ်ချရန် မာသအား ပြောနေခြင်းဖြစ်သည်။ မကြာမီတွင် သူမသည် ဘုရားသခင်၏ သဘာဝလွန်၊ သာလွန်ထူးကဲသော တန်ခိုး (ကိုယ်‌ဝောာ်၏ဘုန်းတော်)ထင်ရှားခြင်းကို မြင်ခဲ့ရသည်။ မာရိ၊ မာသ၊ တပည့်တော်များနှင့် သင်္ချိုင်းနားတွင် စုဝေးနေသူအပေါင်းတို့သည် လေးရက်တာသေဆုံးပြီးနောက် ပြန်လည်ရှင်ပြန်ထမြောက်သူတစ်ဦး၏ ကိုယ်တိုင် မြင်တွေ့ခဲ့ကြသည်(း၄၁-၄၄)။ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ အံ့ဖွယ်တန်ခိုးတော်ကို ခံယူရရှိသူများဖြစ်ကြသည်။ ဘုရားသခင်သည် အပြစ်အားလုံးကိုစွန့်ကာ သူ့နောက်တော်သို့လိုက်လျှောက်သူအားလုံးတို့အား ထာဝရအသက်ကို ပေးသနားသည်။ အယ်လီဆန်ကီဒါ https://myanmar-odb.org/Ppv
Katara Patton ရှင်လုကာခရစ်ဝင်၁၅:၁၁-၁၃၊၁၇-၂၄ ငါ့သားသည် အထက်က သေ၏။ ယခု ရှင်ပြန်၏။ အထက်က ပျောက်၏။ ယခု တွေ့ပြန်၏။[ လု ၁၅:၂၄ ] ကားရပ်နားရန်နေရာသို့ မတ်စောက်သောဆင်ခြေလျှောအတိုင်း မောင်းချလာစဥ် ကျွန်မတစ်ကိုယ်လုံး စိုးရိမ်စိတ်များလွှမ်းသွားသည်။ ဤနေရာသို့ ကျွန်မအရင်က ရောက်ခဲ့ဖူးပြီး ထိုအချိန်က လမ်းပျောက်ခဲ့သည်။ သို့သော် ဓာတ်လှေခါးအနီးရှိ တံခါးသို့ လျှောက်သွားရင်း ကျွန်မနှလုံးသား၌ ငြိမ်သက်သောခံစားချက် ဖုံးလွှမ်းသွားသည်။ လမ်းသိပါပြီ။ တံခါးပေါက်မှဝင်ပြီး ဖြတ်လျှောက်ကာ ကျွန်မရှာနေသော ဓာတ်လှေခါးကို တွေ့လိုက်ရပြီးနောက် မကြာခင်မှာပင် ကျွန်မသွားရမည့်နေရာသို့ ရောက်ရှိခဲ့သည်။ ထိုကားပါကင်၏ဝင်္ကပါလမ်းဖွဲ့စည်းပုံကို ဖြတ်လျှောက်ပြီး၊ လမ်းရှာရသော အတွေ့အကြုံက လမ်းပျောက်ခြင်းသည် တစ်ခါတစ်ရံ လမ်းရှာတွေ့အောင် အကူအညီပေးနိုင်သည်ကို သတိပေးသည်။ ပထမအကြိမ် ရောက်ခဲ့စဉ် လမ်းပျောက်ခဲ့ခြင်းကြောင့် အမှားကိုပြန်တွေးကာ မိမိသွားမည့်နေရာသို့ရောက်အောင် ထွက်ရမည့် တံခါးပေါက်ကို သတိရခဲ့တော့သည်။ ပျောက်သောလမ်းကို တွေ့ရှိခြင်းသည် အလွန်ဝမ်းမြောက်ဖွယ်ရာဖြစ် ကြောင်း၊ ၎င်းသည် မှန်ကန်ကြောင်း ယနေ့ဖတ်ရန်ကျမ်းချက်မှ “ပျောက်သောသား” ပုံဥပမာ အားဖြင့် သိရသည် (လု ၁၅:၂၄)။ နောက်ဆုံးတွင် လောကလမ်းမ၌ လမ်းပျောက်နေသော သားငယ်သည် “သတိရ”လျက် (:၁၇) အိမ်ပြန်ရမည့်လမ်းကို သိခဲ့ပြီး၊ သူစွန့်ချန်ခဲ့သမျှအရာများကို ပြန်အမှတ်ရကာ၊ “ချစ်ခြင်းနှင့်သနားခြင်းကရုဏာ”ခံရသည့်(:၂၀) ဖခင်၏အိမ်သို့ ပြန်လာခဲ့သည်။ ဖခင်ဖြစ်သူက “ငါ့သားသည် အထက်က သေ၏၊ ယခု ရှင်ပြန်၏။ အထက်က ပျောက်၏၊ ယခု တွေ့ပြန်၏”(:၂၄) ဟုဆိုကာ၊ ပျောက်သောသားကို ပြန်လည်တွေ့ရှိသဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။ အကယ်၍ ဝိညာဉ်ရေးရာ၌ ကျွန်မတို့ပျောက်ဆုံးနေပါက၊ ဘုရားသခင်ပေးသနားသည့် ကျွန်မတို့နှင့် အကျွမ်းဝင်ပြီးသား အိမ်ပြန်လမ်းကို ရှာကြည့်ကြပါစို့။ ကိုယ်တော်သည် ကျွန်မတို့အား သူ၏နှစ်သက်ဖွယ် အလင်းနှင့် ကျွန်မတို့ ရှိနေသင့်သည့်နေရာကို ညွှန်ပြနေပါသည်။ သင်ရှိနေသင့်သည့်နေရာကို ဘုရားသခင် သင့်အား မည်သို့ပြသသနည်း။ ကိုယ်တော်၏အလင်းတော်နောက်သို့ သင်မည်သို့ပြေးလိုက်မည်နည်း။ သနားခြင်းကရုဏာရှင်ဘုရားသခင်၊ ပျောက်ဆုံးခြင်း၏အမှောင်ထုမှလွတ်မြောက်ပြီး ကိုယ်တော်၏အလင်းနှင့် ချစ်ခြင်းမေတ္တာဆီသို့ ပြန်လည်ရောက်ရှိရန် မစတော်မူပါ။ □ ‌ဟေရှာ ၅-၆ □ ဧ ၁ ဘုရားသခင်၏အိမ်ပြန်လမ်း ရှင်လုကာခရစ်ဝင် ၁၅ တွင် သခင်ယေရှုသည် ပျောက်သောသိုး(း၁-၇)၊ ပျောက်သောဒင်္ဂါး(း၈-၁၀)၊ ပျောက်သောသား(း၁၁-၃၂) ပုံပမာသုံးခုကို ပြောထားသည်။ တန်ဖိုးရှိသော တစ်စုံတစ်ရာကို ပျောက်ဆုံး၍ လိုက်ရှာခြင်းဖြစ်ကြောင်းကို ကျွန်ုပ်တို့အားလုံး ဆက်စပ်နားလည်နိုင်သည်။ သို့သော် ပျောက်သောသား ပုံပမာသည် သခင်ခရစ်ဝောာ်၏ တရားကိုကြားနာသောသူများအတွက် နားလည်ရခက်နိုင်သည်။ ဖခင်မသေမီ အမွေတောင်းသောသားနှင့် သားအားပြေး၍ကြိုဆိုသောဖခင် ဤအချက်က ထိုခေတ်အချိန်က ယဥ်ကျေးမှုကို ဂရုမစိုက်၊ လျစ်လျူရှုရာရောက်သည်။ သို့သော် ၎င်းသည် အဓိကအချက်ဖြစ်သည်။ ထိုဇတ်လမ်းမှာကဲ့သို့ ဘုရားသခင်သည် မမျှော်လင့်သောတစ်စုံတစ်ရာကို ပြုရန် စောင့်ဆိုင်းနေသည်။ ထိုအရာမှာ ပျောက်သောသား/သမီး ကို အိမ်သို့ကြိုဆိုနေခြင်းဖြစ်သည်။ J.R. Hudberg https://myanmar-odb.org/Ppt
အေမီဘိုချာပိုင် ယောရှုမှတ်စာ ၁:၁-၃၊ ၅-၉ ‌မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့်အတူငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကို ပစ်၍မထား။ [ ယောရှု ၁:၅ ] ဂျော်ဒန်မြစ်အနောက်ဘက်ဒေသ သန့်ရှင်းသောပြည် (Holy Land)ရှိ သခင်ယေရှုလျှောက်ခဲ့သောနေရာ၌ လမ်းလျှောက်ခြင်းကို ကျွန်မတို့နှစ်သက်သည်။ ယခုမှ ကိုယ်တော်၏လောကီအသက်တာ မြင်ကွင်းများနှင့်အသံများကို ပို၍ လွယ်ကူစွာ ကျွန်မစိတ်ကူးမြင်ယောင်နိုင်ခဲ့ပါပြီ။ သို့သော် ဘုရားကျောင်းနှင့် ကျေးလက်ဒေသရှိ မညီညာသော ကျောက်တုံးများပေါ် တက်လိုက်ဆင်းလိုက် လုပ်ခြင်းကြောင့် ဒူးနာလျက် အိမ်ပြန်ခဲ့သည်။ ကျွန်မ၏ဝေဒနာက ရာစုနှစ်များစွာက ခရီးနှင်ခဲ့ကြသူများနှင့် နှိုင်းယှဉ်လျှင် အသေးအဖွဲမျှသာ ဖြစ်သည်။ ထိုသူများသည် အဆစ်အမြစ် နာကျင်မှုကို ပြင်းထန်စွာခံစားရသည်သာမက သေဆုံးသည်အထိဖြစ်ခဲ့လည်း ဘုရားသခင်သည် သူတို့နှင့်အတူရှိခဲ့သည်။ ဘုရားသခင်သည် သူ၏လူများကို သူ့နောက်သို့လိုက်ရန် ခေါ်ခဲ့ပြီး “နို့နှင့် ပျားရည်စီးပြီး သာယာသောပြည်” (ထွက် ၃:၈) တွင် နေထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ သူတို့သည် ကတိထားရာပြည်သို့ဝင်ရောက်ရာ ဆန့်ကျင်ဘက် စစ်တပ်များ၏ အန္တရာယ်နှင့် မြို့ရိုးကဲ့သို့သောအတားအဆီးများ ရင်ဆိုင်ရနိုင်သည်ကို ကိုယ်တော် သိသည်။ အနှစ် ၄၀ ပတ်လုံး ကန္တာရထဲ သူတို့ လှည့်လည်ခဲ့ရချိန်တွင် ဘုရားသခင်သည် သူတို့နှင့်အတူ ရှိခဲ့ပြီး၊ ယခုတွင်လည်း ၎င်းတို့ကို မစွန့်လွှတ်ပေ။ ဘုရားသခင်သည် သူတို့နှင့်အတူရှိနေခြင်းကို “သင်နှင့်အတူငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကို ပစ်၍မထား” (ယောရှု ၁:၅) ဟု ခေါင်းဆောင်သစ် ယောရှုအား ကတိပေးခဲ့သည်။ ယောရှုသည် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်၍ ကြံ့ခိုင်မှုနှင့် ရဲရင့်မှုရှိရန် လိုအပ်သည်။ ကြံ့ခိုင်ရဲရင့်မှုရှိအောင် ဘုရားသခင်က သူ့ကို ကူညီပေးမည်ဖြစ်သည်။ သခင်ယေရှုကို ယုံကြည်သူ ကျွန်ုပ်တို့သည် နေရန် (သို့) သွားရန် စေခိုင်းခံရသည်ဖြစ်စေ ဤဘဝတွင် အန္တရာယ်များ၊ စိန်ခေါ်မှုများနှင့် ဆင်းရဲဒုက္ခများကို ကြုံတွေ့ရမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့အား မည်သည့်အခါမျှ မစွန့်ပစ်သောဘုရားသခင်၏ကတိတော်ကို ဆုပ်ကိုင်ထားနိုင်သည်။ ကိုယ်တော်ကြောင့်သာလျှင် ကျွန်ုပ်တို့လည်း ကြံ့ခိုင်ပြီးရဲရင့်မည်ဖြစ်သည်။ အခက်အခဲ ကြုံတွေ့ရသောအခါ ဘုရားသခင်၏တည်ရှိနေမှုကို သင်မည်ကဲ့သို့ခံစားသိရှိသနည်း။ အကူအညီ၊ မေတ္တာနှင့် ပံ့ပိုးမှုများရရှိရန် ယနေ့ ကိုယ်တော့်ကို သင်မည်သို့မှီခိုမည်နည်း။ ကယ်တင်သောဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်အား ကျတ်တီးမြေသို့ ပို့ဆောင်စဥ် ထိတ်လန့်ဖွယ်ရာများကို ကြောက်ရွံ့ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူရှိနေကြောင်း စိတ်ချမှုကို ပေးတော်မူပါ။ □ ဟေရှာ ၃-၄ □ ဂလာ ၆ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ မစွန့် ယောရှုသည် ဣသရေလလူမျိုးကို ဦးဆောင်မှုပြုရန် သူ၏ဘဝတစ်ခုလုံး ပြင်ဆင်ခြင်းခဲ့ရသည်။ လူငယ်အရွယ်မှစ၍ မောရှေ၏လက်ထောက်ဖြစ်ခဲ့သည် (တောလည်ရာကျမ်း ၁၁း၂၈)။ ကတိ‌တော်ထားရာ ပြည်သို့ မဝင်စားမီကတည်းကပင် ဣသရေလတပ်အား စစ်ပွဲထဲသို့ ဦး‌ဆောင်ခဲ့သည်။ (ထွက်မြောက်ရာကျမ်း ၁၇း၈-၁၆)။ သူသည် ဝင်စားရတော့မည့်ပြည်ကို စူးစမ်း‌လေ့လာသော ပထမဦးဆုံးသောသူများအနက် တစ်ဦး ဖြစ်သည်။ သူနှင့်ကာလက်သည် ၎င်းတို့ဝင်စားရတော့မည့်ပြည်ကို ထာဝရဘုရားသည် သူတို့လက်၌ အပ်နှံမည် ကို ကြည်စိတ်ချမှုဖြင့် တုန့်ပြန်ဖော်ပြခဲ့သူနှစ်ဦးသာဖြစ်သည် (၁၄း၅-၃၈)။ နောက်ဆုံးတွင် မောရှေ၏နေရာ၌ ခေါင်းဆောင်မှုကိုဆက်ခံရန် ဘုရားသခင်ကိုယ်တော်တိုင် သူ့အားတာဝန်ပေးခဲ့သည် (၂၇း၁၈-၂၃)။ ဘုရားသခင် သည် သူ့ကို စွန့်ပယ်မည်မဟုတ်ကြောင်း ယောရှုအား စိတ်ချစေခဲ့သကဲ့သို့(‌ယောရှုမှတ်စာ ၁း၅)၊ ကျွန်ုပ်တို့ သည်လည်း မည်သည့်အရာကိုမဆို ရင်ဆိုင်ရသည်ဖြစ်စေ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိကြောင်း စိတ်ချထားနိုင်သည်။ Jed Ostoich https://myanmar-odb.org/Ppr
ဘေလ်ခရောက်ဒါ ကမ္ဘာဦးကျမ်း ၂:၈-၉၊ ၃:၁-၆ တစ်ယောက်သောသူ(ယေရှုခရစ်)သည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ [ ရော ၅:၁၉ ] အင်္ဂလန်နိုင်ငံ၏လှပသော လိတ်ခ် ခရိုင်(Lake District)ရှိ ခေါ်နစ်(စ်)တန် ဝေါထာ (Coniston Water) သည် ယူကေ (UK) နိုင်ငံရှိ မိသားစုများ၏ အနှစ်သက်ဆုံး အပန်းဖြေနေရာတစ်ခုဖြစ်ပြီး၊ လှေစီးခြင်း၊ ရေကူးခြင်းနှင့် အခြားသော ရေပြင်အားကစားနည်းများလုပ်ဆောင်ရန် သင့်လျော်ကောင်းမွန်သည်။ သို့သော် ထိုလှပသောနေရာသည် ကြေကွဲစရာနေရာတစ်ခုလည်းဖြစ်သည်။ ၁၉၆၇ ခုနှစ် တွင် ဒေါ်နယ်ခန့်ဘယ် (Donald Campbell)သည် သူ၏ ရေပေါ်ရှပ်ပြေးယာဉ် ဘလူးဘတ်ဒ်ကေဆဲဗင်း (Bluebird K7)ကို မောင်းနှင်ပြီး ကမ္ဘာ့ရေလွှာအမြန်နှုန်းစံချိန်ကိုချိုးရန် ကြိုးစားခဲ့သည်။ သူသည် အမြင့်ဆုံးမြန်နှုန်း ၃၂၈ မိုင်နှုန်း (၅၂၈ ကီလိုမီတာနှုန်း)သို့ ရောက်ရှိခဲ့သော်လည်း ရှပ်ပြေးယာဥ်တိုက်မိပြီး သေဆုံးသွားခြင်းကြောင့် အောင်မြင်မှုအတွက် ဂုဏ်မယူနိုင်ခဲ့ပေ။ လှပသောနေရာများတွင် ကြေကွဲဖွယ်အခိုက်အတန့်များ ဖြစ်ပေါ်နိုင်သည်။ ကမ္ဘာဦးကျမ်း ၂ တွင် ဖန်ဆင်းရှင်သည် “လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုနေစေခြင်းငှာ ထားတော်မူ၏”(:၁၅)။ ဥယျာဉ်သည် လက်ရာမြောက်သော်လည်း ဤသုခဘုံတွင် နေရာကျသော ယောက်ျားနှင့်မိန်းမသည် ဘုရားသခင်ကို မနာခံဘဲ ဖန်ဆင်းခြင်းလောကထဲသို့ အပြစ်နှင့်သေခြင်းကို ယူဆောင်လာသည် (၃:၆-၇)။ ယနေ့တွင်၊ ထိုသူတို့၏ဝမ်းနည်းဖွယ်ရွေးချယ်မှုကြောင့် ပျက်စီးစေသောအကျိုးဆက်ကို ကျွန်ုပ်တို့ ဆက်လက်မြင်နေရသည်။ သို့သော် အပြစ်၌ သေလျက်နေသော ကျွန်ုပ်တို့ကို အသက်ကမ်းလှမ်းရန် သခင်ယေရှုကြွလာခဲ့သည်။ ထိုအကြောင်းကို ရည်ညွှန်းလျက် တမန်တော်ရှင်ပေါလုက “တစ်ယောက်သောသူ (အာဒံ)သည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တစ်ယောက်သောသူ(ယေရှုခရစ်)သည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရ ကြ၏”(ရော ၅:၁၉)ဟု ရေးသားခဲ့သည်။ ရှင်ယေရှုကြောင့်၊ ကျွန်ုပ်တို့အား အလှပဆုံးသောအိမ်သည် စောင့်ကြိုနေပါသည်။ အလှတရားထဲမှ ကြေကွဲစရာထွက်ပေါ်လာသည်။ ထိုမှ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ ကြေကွဲစရာမှ ထာဝရအလှတရား ထွက်ပေါ်လာခဲ့သည်။ ဘုရားသခင်သည် ကြေကွဲစရာများထဲမှ အလှတရားယူဆောင်လာသည်ကို သင်မည်သည့်အချိန်တွင် မြင်ဖူးပါသနည်း။ ထိုအဖြစ်အပျက်ကို သင်မည်သို့တုံ့ပြန်သနည်း။ ကောင်းကင်ဘုံရှင်အဘ၊ ကိုယ်တော်တစ်ပါးတည်းသာ ပံ့ပိုးပေးသည့် ထာဝရအလှအတွက် ကျေးဇူးတင်ပါ၏။ □ ဟေရှာ ၁-၂ □ ဂလာ ၅ ကြေကွဲစရာထဲမှအလှတရား လူနှင့်လူမိန်းမတို့အတွက် နေစရာအိမ်အဖြစ် ဧဒင်ဥယျာဥ်ကို ဖန်ဆင်းရှင်က တန်ဆာဆင်ပုံဖော်ခဲ့သည်။ (ကမ္ဘာဦးကျမ်း ၂-၃)။ ဘုရားသခင်ထံသို့ လွတ်လပ်စွာဝင်ရောက်နိုင်ခြင်း အပါအဝင် ၎င်းတို့လိုအပ်သမျှ အရာအားလုံး ဧဒင်ဥယျာဥ်၌ရှိသည်။ သို့တိုင် သူတို့၏မနာခံမှုကြောင့် ထိုအိမ်မှ နှင်ထုတ်ခြင်းခံခဲ့ရသည် (၃း၂၄)။ သို့သော် သခင်ယေရှုသည် သူ၏နောက်တော်လိုက်များအတွက် ပိုမိုကောင်းသောအိမ်ကို ပြင်ဆင်ပေးမည်ဟု ကတိတော်‌ပေးထားပြီး(ရှင်ယောဟန်ခရစ်ဝင် ၁၄း၁-၄)၊ ဗျာဒိတ်ကျမ်းတွင် “ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏တဲ‌တော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်‌တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်‌တော်တိုင်သူတို့နှင့် အတူရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူမည် “ (၂၁း၃)ဟု ရှင်ယောဟန်က ဖော်ပြခဲ့သည်။ ဧဒင်ဥယျာဥ်မှာကဲ့သို့ ထိုနေစရာအိမ်နှင့်ပတ်သက်၍ အကြီးမြတ်ဆုံးအကြောင်းချင်းရာမှာ အိမ်၏အလှအပ (သို့) အိမ်မှဖြည့်ဆည်းပံ့ပိုးပေးသည့်အရာများ မဟုတ်ဘဲ၊ “ဘုရားသခင်ကိုယ်‌တော်တိုင် သူတို့နှင့်အတူရှိနေခြင်း”(း၃)ဟူသည့် ဘုရားသခင်၏တည်ရှိခြင်း မျက်မှောက်တော်သာ အမြတ်ဆုံးဖြစ်ပေသည်။ ဘေလ်ခရောက်ဒါ https://myanmar-odb.org/Ppp
ခါစတန်ဟုမ်းဘာ့ဂျ် ဆာလံကျမ်း ၁၁၈:၅-၁၄ ထာဝရဘုရားသည် ငါ့ဘက်မှာ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ပြုနိုင်သနည်း။ [ ဆာ ၁၁၈:၆ ] ကျွန်မသမီး၏တန်ဖိုးအရှိဆုံး ကလေးဘဝအမှတ်တရများထဲမှတစ်ခုမှာ သူမဖခင်က သူမကို လေ့ကျင့်ရေးဘီးမပါဘဲ စက်ဘီးစီးသင်ချိန်များဖြစ်သည်။ တစ်ကြိမ်တွင် သူ့ဖခင်က စက်ဘီး၏နောက်ဘီး၌ ရပ်ပြီး သမီးနှင့်အတူ စက်ဘီးလက်ကိုင်နှစ်ဘက်ကိုကိုင်ကာ ကုန်းဆင်းပြေသည့် ဆင်ခြေလျှောမှ ညင်သာစွာ ဆင်းခဲ့ကြသည်။ ထိုအခိုက်အတန့်၌ သူမသည် အလွန်ကြောက်ရွံ့ထိတ်လန့်ခဲ့သော်လည်း ဖခင်မှာမူ အလွန်သဘောကျကာ ရယ်မောခဲ့သည်ကို သူမသတိရသည်။ ထိုအချိန်က အလွန်တိုတောင်းသော်လည်း ဖခင်သည် သူမ၏ခံစားချက်ကို မျှဝေခံစားပေးခဲ့သည်။ ယခုတွင် ဖခင်နှင့်သူမ၏ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောတိုင်း ထိုအကြောင်းက အမြဲပါသည်။ ထိုအချိန်မျိုးတွင် သူမ၏ အမှတ်တရများနှင့်ပတ်သက်၍ အရာအားလုံး သူ့အလိုလို အဆင်ပြေသွားမှာ အဖေသိနေခြင်းကို သမီးစိတ်ချရန် ဖခင်က ကြင်နာစွာ အားပေးခဲ့သည်။ ထိုအကြောင်းအရာသည် ဘဝ၌ ကျွန်မတို့ ကြောက်ရွံ့ထိတ်လန့်သည့်အခိုက်အတန့်များတွင် ဖြစ်တတ်သည့်သဘောကိုပြသည့် သာဓကတစ်ခုပင်ဖြစ်သည်။ အပေါ်စီးအမြင်၌ “တောင်ကုန်း”က ကြီးမားပြီး ထိတ်လန့်စရာပါ။ အန္တရာယ်ဖြစ်နိုင်ခြေများသည်ဟု ထင်စရာရှိသည်။ သို့သော် သမ္မာကျမ်းစာ၌ “ထာဝရဘုရားသည် (ကျွန်ုပ်တို့)ဘက်မှာ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ”ဟု စိတ်ချမှုကို ပေးထားသည်(ဆာ ၁၁၈:၆)။ ရုန်းကန်လျက် စိတ်ဖိစီးမှုလွှမ်းမိုးချိန်တွင် အခြားလူများ၏အကူအညီမရသော်လည်း ထာဝရဘုရားသည် ယုံကြည်ကိုးစားနိုင်သော ခိုလှုံရာဖြစ်သည် (:၈-၉)။ ထာဝရဘုရားသည် ကျွန်မတို့ကို မစသောအရှင် ဖြစ်၍(:၇)၊ ဘဝ၏ ကြောက်ရွံ့ထိတ်လန့်ဖွယ်စစ်ကြောမှုများကြားတွင် ကိုယ်တော်ကို ယုံကြည်ကိုးစားနိုင်သည့်အဓိပ္ပာယ်ဖြစ်သည်။ ကျရှုံးမှုများ၊ စိတ်ဒဏ်ရာများ၊ နာကျင်မှုများနှင့် မည်သို့ပင်ကြုံတွေ့ရပါစေ ယနေ့ ထာဝရဘုရား၏ကယ်တင်သော မျက်မှောက်တော်သည် ကျွန်ုပ်တို့၏ခွန်အားအစွမ်းသတ္တိနှင့် အကွယ်အကာဖြစ်တော်မူ၏(:၁၄)။ ဒုက္ခအခက်အခဲများကြားတွင် ဘုရားသခင်အတူရှိနေသည်ကို သင်မည်သည့်အချိန်က သိရှိသတိပြုမိသနည်း။ သင့်ကို ထာဝရဘုရားက မည်သို့ကူညီစောင်မခဲ့ပါသနည်း။ အဘဘုရားသခင်၊ ကျွန်ုပ်၏ဘဝတွင် ကိုယ်တော်အတူပါရှိသည့်အတွက်ကြောင့် ကျေးဇူးတင်ပါ၏။ ကျေးဇူးပြု၍ ကျွန်ုပ်အနီးအပါးတွင် ကိုယ်တော်အတူရှိတော်မူသည်ကို သိရန် ကူညီမစတော်မူပါ။ □ သီချင်း ၆-၈ □ ဂလာ ၄ ယုံကြည်ကိုးစားထိုက်‌သောခိုလှုံရာ ဘုရားသခင် ဆာလံကျမ်း ၁၁၈ သည် ယုံကြည်သူအသိုင်းအဝိုင်း(အသင်းတော်)တစ်ခုလုံးအား “ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာ‌တော်အစဥ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့”ဟု (း၁၊ ၂၉)တိုက်တွန်းခွန်အားပေးချက်နှင့်အစပြုထားပြီး ထိုအချက်နှင့်ပင်အဆုံးသတ်ထားသည်။ ဤသို့သော အစနှင့်အဆုံးကို‌ ရေးသားထားသည့် ချီးမွမ်းခြင်းကျမ်းပိုဒ်နှစ်ခု၏အလယ်ကြားထဲတွင် ဆာလံဆရာက ဘုရားသခင်၏ ကောင်းမြတ်မှုကို ခံစားရသည့် သူ၏ကိုယ်ပိုင်အတွေ့အကြုံကို ကျွန်ုပ်တို့ကြားသိရသည်။ ”ငါသည် ကျဥ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်၍၊ ထာဝရဘုရားသည် ကျယ်ဝန်းသောအရပ်ထဲသို့ သွင်းတော်မူ၏” (း၅)။ “သင်သည် ငါ့ကိုလှဲခြင်းငှာ ပြင်းထန်စွာတွန်းသော်လည်း ထာဝရဘုရားသည် ငါ့ကို မစ‌တော်မူ၏”(း၁၃)။ ဘုရားသခင်၏ခွန်အားတန်ခိုးဖြည့်ပေးခြင်း၊ ကာကွယ်ပေးသော ဘုရားသခင်၏တည်ရှိခြင်းတို့ကို တွေ့ကြုံခံစားရသည့် ဆာလံဆရာ၏ကိုယ်တွေ့သက်သေခံချက်သည် မဖြစ်နိုင်ဟုထင်ရသော ထူးဆန်းသည့်အရာများကို အောင်မြင်ကျော်လွှားနိုင်ခြင်းသို့ ဦးတည်သွားစေသည်(၁၀-၁၁)။ ဝမ်းမြောက်ခြင်းကိုဖြစ်စေကာ၊ ချီးမွမ်းပွဲခံခြင်းကို ဖြစ်စေသည်(း၁၅)။ ကျရောက်အံ့သောသေခြင်းမှ ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့ကြုံခံစားရသော ဆာလံဆရာ၏ မှတ်မှတ်သားသား အတွေ့အကြုံသည် (း၁၇-၁၈)၊ အခြေအနေအလုံးစုံတွင် ယုံကြည်စိတ်ချနိုင်သော ဘုရားသခင်တစ်ပါးကို ကျေးဇူးတင်ခြင်းဖြင့် အသက်ရှင်ရန် ကျွန်ုပ်တို့အားလုံးကို ဖိတ်ခေါ်နေတော့သည်။ မိုနီကာလာရို့စ် https://myanmar-odb.org/Ppn
Karen Huang ဓမ္မရာဇဝင်စတုတ္ထစောင် ၈:၁-၆ သင်သည် အိမ်သူအိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍နေနိုင်သောအရပ် တစ်စုံတစ်ရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရားသည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ [ ၄ ရာ၈:၁ ] မနီလာမြို့ရှိ ဒန်တီ(Dante)၏ အိမ်အနီးဝန်းကျင်တစ်ဝိုက်တွင် မိုးကြီးပြီး ရေကြီး ရေလျှံလေ့ရှိသည်။ မိုးရွာသောနေ့များတွင် ကလေးများသည် အိမ်နီးချင်းတစ်ဦး၏ လမ်းညွှန်ကူညီမှုဖြင့် ယာယီသစ်သားတံတားကို ဖြတ်ကျော်ပြီး၊ ကျောင်းသွားကြရသည်။ “မစ္စတာသောမတ်စ်ဟာ ပတ်ဝန်းကျင်အနီးအနားက လူတွေကို အကူအညီပေးတယ်။ ကျွန်တော့်ကိုလည်း တံတားပေါ်မှာ လမ်းညွှန်ကူညီပေးခဲ့သလို မိုးရေမစိုအောင်လည်း ကာကွယ်ပေးခဲ့ပါတယ်”ဟု ဒန်တီက ပြောသည်။ နှစ်များကြာပြီးနောက်၊ ဒန်တီသည် မနီလာမြို့မြောက်ဘက်ရှိ အသင်းတော် တစ်ပါး၌ ပါဝင်ခဲ့ပြီး၊ ကျမ်းစာလေ့လာခြင်းအဖွဲ့ခေါင်းဆောင် လီယိုက သူလိုအပ်သော အကြံဉာဏ်ကောင်းများပေးခဲ့သည်။ ငယ်ဘဝအကြောင်းများကို သူတို့အချင်းချင်း အပြန်အလှန်ပြောဆိုကြရင်း လီယို မှာ မစ္စတာသောမတ်စ်၏သားဖြစ်မှန်း ဒန်တီသိခဲ့ရသည်။ ဒန်တီက “ဒီ‌လောက် တိုက်ဆိုင်တာမျိုး မရှိနိုင်တော့ဘူး။ လေးစားဖွယ်ကောင်းပြီး ကျွန်တော့်ကို ကူညီပေးခဲ့သူရဲ့သားဟာ အခုလည်း ကျွန်တော်ရဲ့ ဝိညာဉ်ရေးရာ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး အကူအညီပေးဖို့ ဘုရားအသုံးပြုခဲ့တယ်”ဟု ပြောခဲ့သည်။ ရှုနင်မြို့မှ အမျိုးသမီးတစ်ဦးသည်လည်း ဘုရား၏ပံ့ပိုးဖြည့်ဆည်းပေးမှုကို ထိုကဲ့သို့ပင် တွေ့ကြုံခံစားခဲ့ရသည်။ သူမသည် ယုံကြည်ခြင်းဖြင့် ပရောဖက် ဧလိရှဲ၏ အကြံကို နာခံလျက် အစာရေစာခေါင်းပါးခြင်းကိုရှောင်ရှားနိုင်ရန် အိမ်ကိုစွန့်ခွာခဲ့သည်(၄ ရာ ၈:၁-၂)။ ထိုအခါ သူမပိုင်ဆိုင်သည့်မြေနှင့်အိမ်တို့မှာ မင်းဘဏ္ဍာအဖြစ် အသိမ်းခံခဲ့ရသည်။ သူမပြန်ရောက်ရှိလာသောအခါ ထိုအရာများကို ပြန်လည်ရရှိရန် ရှင်ဘုရင်ထံ တောင်းခံခဲ့သည်။ ထိုအချိန်၌ မင်းကြီးသည် သူမ၏ကိစ္စနှင့်ပတ်သက်၍ ဧလိရှဲ၏ကျွန် ဂေဟာဇိနှင့်စကားပြောဖြစ်သည်။ ထိုနှစ်များမတိုင်မီက ထိုအမျိုးသမီး၏ ဆုံးပါးသွားသောသားကို သေခြင်းမှ ပြန်ရှင်စေသောဖြစ်ရပ်ကို ဂေဟာဇိ မြင်တွေ့ခဲ့ဖူး သည်။ ဂေဟာဇိက“အရှင် မင်းကြီး၊ ဤမိန်းမကား ယခုပြောသောမိန်းမ၊ ဤသူငယ်ကား ဧလိရှဲအသက်ရှင်စေသောသူငယ်ဖြစ်ပါသည်ဟုလျှောက်”လေသည်(:၅)။ ရှင်ဘုရင်သည်လည်း သူ၏အမှုကိုစောင့်စေခြင်းငှာ အရာရှိတစ်ယောက်ကိုခန့်လျက် (:၆) သူမ၏ဥစ္စာများကို ပြန်ပေးစေခဲ့သည်။ မိမိကြံစည်ထားသည့်အတိုင်း ဖြစ်မလာချိန်များ၌ပင် ဘုရားသခင်နှင့် သူ၏ ဂရုပြုမှုကို ကျွန်ုပ်တို့ယုံကြည်နိုင်ပါသည်။ ဤရှုနင်အမျိုးသမီးအကြောင်းက သင့်အား မည်ကဲ့သို့ ခွန်အားဖြစ်စေသနည်း။ ထိုအဖြစ်အပျက်က ဘုရားရှင်၏ဂရုစိုက်မှုအကြောင်းကို မည်ကဲ့သို့ဖော်ပြနေသနည်း။ မေတ္တာတော်ရှင်အဘဘုရား၊ ကျွန်ုပ်အား ဂရုစိုက်သည့်အတွက် ကျေးဇူးတင်ပါ၏။ □ သီချင်း ၄-၅ □ ဂလာ ၃ တိုက်ဆိုင်မှုနှင့်ဘုရားသခင်၏ကရုဏာတော် ဘုရားသခင်သည် ခက်ခဲသောအချိန်များသာ ကျွန်ုပ်တို့ကို ဂရုပြုမည်ဟု ကန့်သတ်ထားခြင်းမရှိသော်လည်း ထိုအချိန်များတွင် မကြာခဏ ကျွန်ုပ်တို့သည် အပြင်းထန်ဆုံးခံစားကြရသည်။ ရှူနင်မြို့သူ အမျိုးသမီးနှင့် သူမ၏ မိသားစုသည် အထူးဂရုပြုမှု နှစ်ထပ်နှစ်ခါခံစားခဲ့ကြရသည်။ ပထမတစ်ကြိမ်မှာ သူမနှင့်သူမ၏မိသားစုတို့ ကျရောက်လာတော့မည့် အစာခေါင်းပါးမှုမှ လွတ်မြောက်စေရေး အစားအစာတွေ့ရှိနိုင်သောနေရာသို့ သွားရောက်ရန် ဧလိရှဲ၏ သတိပေးချက်ဖြစ်သည်(ဓမ္မရာဇဝင်စတုတ္ထစောင် ၈း၁-၂)။ ဒုတိယအကြိမ်မှာ သူမတို့ ဣသရေလနိုင်ငံသို့ ပြန်လည်‌ရောက်ရှိလာသောအခါ ယခင်က ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများနှင့် ဆုံးရှုံးသွားခဲ့သော သူမ၏မြေ၌ ဖြစ်ထွန်းသမျှကို ပြန်ရစေသည့်အကြောင်းဖြစ်သည်(း၆)။ ရှူနင်မြို့သူတို့သားအမိ ရှင်ဘုရင်ထံသို့ ချဥ်းကပ်ရန် ဘုရားသခင်ပြင်ဆင်ပေးသောအခိုက်အတန့်သည် ၎င်းတို့အပေါ် ဘုရားသခင်၏ဖြည့်ဆည်း ထောက်ပံ့ပေးခြင်းအကြောင်းကို ဂေဟာဇိက ရှင်ဘုရင်အား ပြောပြနေသည့် မျက်နှာသာပေးခံရသည့် အခိုက်အတန့်လည်း ဖြစ်သည်(း၃-၆)။ လိုအပ်သောအချိန်ဖြစ်စေ၊ ပြည့်စုံသောအချိန်ဖြစ်စေ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဂရုပြုပါသည်။ ဘေလ်ခရောက်ဒါ https://myanmar-odb.org/Ppj
မိုက်ခ်ဝစ်မာ တမန်တော်ဝတ္ထု ၂၀:၁၇-၂၄ အလွန်နှိမ့်ချသော စိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ...သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည့်အကြောင်းအရာကို သင်တို့သိကြ၏။ [ တ ၂၀:၁၉ ] အဒေါလ်ဖိုကမင်စကီး(Adolfo Kaminsky)သည် စာရွက်ပေါ်မှ မဖျက်နိုင်သော မင်များကို မည်သို့ဖယ်ရှားရမည်ကို ကောင်းစွာသိသူဖြစ်သည်။ သူသည်ပြင်သစ်နိုင်ငံမှ နာဇီဆန့်ကျင်ရေးအဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ အကျဉ်းစခန်းများ၌ ရာနှင့်ချီရှိသူများကို ကယ်တင်နိုင်ရန် မှတ်ပုံတင်ကဒ်များကို ပြောင်းလွှဲပြင်ဆင်ပေးခဲ့သည်။ တစ်ကြိမ်တွင် မွေးစားရင်းနှင့် နှစ်ခြင်းမင်္ဂလာခံယူပြီးလက်မှတ် ၉၀၀၊ ဂျူးကလေးငယ် ၃၀၀ အတွက် ရိက္ခာထုတ်ကတ်တို့ကို သုံးရက်အတွင်း အတုပြုလုပ်ပေးရန် တာဝန်ပေးခံရသည်။ သူသည် မအိပ်ဘဲ နှစ်ရက်ဆက်တိုက် မနားမနေ အလုပ်လုပ်ခဲ့သည်။ သူ့ကိုယ်သူလည်း “ငါ ၁ နာရီကို အခု ၃၀ ပဲ ထုတ်နိုင်တယ်။ အကယ်၍ ငါ ၁ နာရီအိပ်ခဲ့ရင် လူအယောက် ၃၀ သေသွားလိမ့်မယ်”ဟု ပြောခဲ့သည်။ တမန်တော်ရှင်ပေါလုသည်လည်း ထိုသို့သော အရေးပေါ်အခြေအနေကို ခံစားခဲ့ရသည်။ သူက ဧဖက်မြို့၌ရှိသောအသင်းတော်အား “အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည် ကျလျက်၊ …စုံစမ်းနှောင့်ယှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏အမှုတော်ကို ငါဆောင်ရွက်သည်ကို သင်တို့သိကြ၏”ဟု(တ ၂၀:၁၉) သတိပေးလျက်၊ “သင်တို့ အကျိုး ပြုစုရာ တစ်စုံတစ်ခုကိုမျှ၊ ငါမထိမ်မဝှက်။ …သင်တို့အား ဟောပြော၍ ဆုံးမဩဝါဒပေး”ကြောင်း(၂၀) ပြောခဲ့သည်။ ထိုသို့အရေးတကြီးခံစားရခြင်းကြောင့် လူသားတိုင်း နောင်တရလျက် ခရစ်တော်၌ ယုံကြည်ရန် လိုအပ်ကြောင်းကို သူ့အနေနှင့် မတုံ့မဆိုင်း အရေးတယူဝေမျှခဲ့သည် (:၂၁)။ ယခုတွင် သူသည် “ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှာ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသော ဓမ္မဆရာအမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာပြီးစီးစေ”ရေး (:၂၄) ထက်သန်စိတ်နှင့် ယေရုရှလင်မြို့သို့ ရွက်လွှင့်ပြန်ခဲ့သည်။ ရှင်ပေါလုက လူများကို ကယ်တင်ခြင်းမဟုတ်ဘဲ၊ ဘုရားကသာ ကယ်တင်ပါသည်။ သို့သော် သူက ယေရှုအကြောင်း ဘုရားသခင်၏သတင်းကောင်းကို ပြောနိုင်သည်။ “ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ”ပါ(တ ၄:၁၂)။ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် မည်သူ့ကို သင့်စိတ်နှလုံးထဲသို့ ယူဆောင်လာပါသနည်း။ ထိုသူအား ထာဝရဘုရား၏ သတင်းကောင်းကို သင်ဝေမျှနိုင်ပါသည်။ ဘုရားသခင်၏ကျေးဇူးတော် သတင်းကောင်းကို ကြားရန် လိုအပ်သူတစ်ဦးဦးကို သင်သိပါသလား။ သူတို့ကို သင်မည်ကဲ့သို့ ဝေမျှပေးနိုင်မည်နည်း။ သခင်ယေရှုဘုရား၊ ကိုယ်တော်ကို လိုအပ်သောသူ မည်သူဖြစ်သည်ကို ကျွန်ုပ်အားဖွင့်ပြတော်မူပါ။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို သူတို့အား ဝေမျှနိုင်ရန် အခွင့်အရေးပေးတော်မူပါ။ □ သီချင်း ၁-၃ □ ဂလာ၂ လူ့အသက်များကို ကယ်တင်ခြင်း တမန်တော်ဝတ္ထု ၂၀း၂၂-၂၄ တွင် ဝိညာဥ်တော်သည် ရှင်ပေါလုအား ယေရုရှလင်မြို့သို့ သွားရန် လှုံ့ဆော်ခဲ့သည်။ ထိုနေရာတွင် သူမည်သည့်အမှုအရာကို ကြုံတွေ့ရမည်ဖြစ်ပါစေ၊ “ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဥ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှာ ... ဓမ္မဆရာအမှုတည်းဟူသော ဆောင်ရွက်ရသောအမှု (တာဝန်)ကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း”က (း၂၄) သူ၏ရည်ရွယ်ချက်ဖြစ်သည်။ သူသည် တိမောသေအား “နှုတ်ကပတ်တော်ကိုဟောပြောရန်” တိုက်တွန်းနှိုးဆော်ခြင်းက ဤအရေးတကြီးလိုအပ်မှု အတွက်ကြောင့်ပင် ဖြစ်နိုင်သည် (တိမောသေဩဝါဒစာ ဒုတိယစောင် ၄း၂)။ အလားတူ အ‌ရေးတကြီးလိုအပ်မှုကို ရှင်ပေတရုသည်လည်း ခံစားခဲ့ရသည်။ ဝိညာဥ်တော်ပြည့်ဝပြီးနောက် (တမန်တော်ဝတ္ထု ၂း၄)သူသည် ရုတ်ခြည်းပင် လူစုလူဝေးအား သတင်းကောင်းကို စတင်ဟောပြောခဲ့သည်(း၁၄-၄၀)။ ဝိညာဥ်တော်သည် သခင်ယေရှုကို ယုံကြည်သူများ သတင်းကောင်းကို ဖြန့်ဝေအောင် ခွန်အားတန်ခိုးဖြည့်ပေးပြီး လှုံ့‌‌ဆော်ပေးသူဖြစ်သည် (၁း၈၊ ၄း၃၁၊ ၈း၂၉၊ ၁၆း၆-၇)။ ထိုဝိညာဥ်တော်သည် ကျွန်ုပ်တို့ ပြောရမည့်စကားကိုလည်း ပေးစွမ်းနိုင်သည် (ရှင်မဿဲခရစ်ဝင် ၁၀း၁၉-၂၀)။ ဝိညာဥ်တော်သည် ယခုမျက်မှောက်ခေတ် ယုံကြည်သူများ အခြားသူများအား သခင်ခရစ်တော်အကြောင်းကိုပြောရန် ဆက်လက်နှိုးဆော်ပေသည်။ ကိုယ်‌တော်ကို ယုံကြည်လက်ခံသူအားလုံးတို့သည် ကိုယ်တော်နှင့်အတူ ထာဝရရှိနိုင်စေရေး၊ အသေခံပြီး သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော ကယ်တင်ရှင် အကြောင်းကို ပြောကြားရန် ကျွန်ုပ်တို့နှုတ်၌ ပြောရမည့်စကားကို ကိုယ်တော်ပေးစွမ်းနိုင်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချထားနိုင်ပေသည်။ အယ်လီဆန်ကီဒါ https://myanmar-odb.org/Ppe
ရှရီဒန်ဗွိုင်စေး ရှင်ယောဟန်ခရစ်ဝင် ၁၄:၈-၁၄ ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ [ ယော ၁၄:၉ ] ရစ်ချက်ဂရစ်ဖင်(Richard Griffin)သည် ဒုတိယမြောက် ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II)၏ ကိုယ်ရေးရဲအရာရှိအဖြစ် (၁၄)နှစ်တာမျှ ထမ်းဆောင်ခဲ့သည်။ တစ်နေ့တွင် ဘာမိုရာ(Balmoral)ရဲတိုက်အနီးရှိ တောင်ကုန်းပေါ်သို့ ပျော်ပွဲစားထွက်သည့် ဘုရင်မကြီးအား အဖော်ပြုလိုက်ပါပေးစဥ် အမေရိကန်နိုင်ငံသား ခြေလျင်ခရီးသွားနှစ်ဦးနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသူနှစ်ဦးက သာမန်အရပ်သားဝတ်စုံဝတ်ဆင်ထားသော သက်ဦးဆံပိုင်ဘုရင်မကြီးကို မသိဘဲ “ဘုရင်မကြီးကို တွေ့ဖူးသလား”ဟုမေးရာ၊ ဘုရင်မကြီးက အရွှန်းဖောက်လျက် “ကျွန်မတော့ မတွေ့ဘူးပါဘူး။ ဒါပေမယ့် ဟောဒီရစ်ချတ်ကတော့ သူမကို အမြဲတွေ့နေကြပါ”ဟု ပြန်ဖြေခဲ့သည်။ ထိုသူနှစ်ဦးမှာ မင်းဧကရာဇ်နှင့် နီးစပ်စွာ နေရသူတစ်ဦးကို တွေ့ရ၍ အလွန်စိတ်လှုပ်ရှားကာ၊ ဘုရင်မကြီးအား ကင်မရာပေးပြီး၊ ရစ်ချက်ဘေးတွင် ဟန်ပန်အပြည့်ဖြင့်ရပ်လျက် “ဓါတ်ပုံတစ်ပုံလောက်ရိုက်ပေးပါ”ဟု ဆိုလိုက်သည်။ ထိုသို့ အရေးကြီးပုဂ္ဂိုလ်တစ်ဦးကို ရှေ့မှာထားပြီး မသိခြင်းသည် ပထမဆုံး အကြိမ်မဟုတ်ပါ။ ယာကုပ်သည် ဗေသေလအရပ်တွင် အိပ်မက်ထဲ၌ ထာဝရဘုရားနှင့် တွေ့ဆုံပြီးနောက် “အိပ်ပျော်ရာမှ နိုးလျှင်၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ”ဟုဆိုခဲ့သည် (က ၂၈ :၁၆)။ ဖိလိပ္ပုက တပည့်တော် များအား ခမည်းတော်ဘုရားကို ပြသရန် သခင်ယေရှုအား တောင်းဆိုခဲ့ရာ၊ ယေရှုက “ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင် ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုရသနည်း”ဟု ပြန်လည်ပြောဆိုခဲ့သည်(ယော ၁၄:၉)။ ခြေလျင်ခရီးသွား နှစ်ဦးကဲ့သို့ပင် တပည့်တော်တို့သည်လည်း ယေရှုကို ခမည်းတော်နှင့် ထပ်တူထပ်မျှဖြစ်ကြောင်း မသိဘဲ (:၁၀-၁၁) ယေရှုကို ကင်မရာကမ်းပေးရန် အသင့်ဖြစ်နေကြသည်။ ထိုနေ့က ဘုရင်မကြီးကို မသိသကဲ့သို့ပင် ယေရှုသည် အမှန်တကယ် မည်သူဖြစ်သည်ကို လူတို့အမြဲမသိရှိကြပေ။ ယေရှုသည် “ပညာဉာဏ်နှင့်ပြည့်စုံသောဆရာ” (သို့) “လူအများအား ကိုယ်ကျင့်တရားများ ဆုံးမသွန်သင်ပေးသူ မြင့်မြတ်သည့်ခေါင်းဆောင်”ထက်မက သူသည် လူ့အသွေးအသားဆောင်ယူသည့်ဘုရား၊ ဤလောက၏ဘုရင်ဖြစ်သည် (ယော ၁:၁၄၊ ၁၈:၃၆)။ ၎င်းကို ကျွန်ုပ်တို့သိမြင်သောအခါ ၎င်းသည် ကြီးမြတ်‌သောဖွင့်ပြချက်ပင်ဖြစ်တော့သည်။ အကယ်၍ သင်သည် ယေရှုကို ပျော်ပွဲစားတစ်ခု၌ ဆုံတွေ့လျှင် သူ့အား ဘာပြောမည်နည်း။ သူသည် မည်သူဖြစ်ကြောင်းကို သင်မည်သို့ သိရှိနားလည်ပါသနည်း။ သခင်ဘုရား၊ ကိုယ်တော်သည် ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်ဖြစ်ပြီး၊ အကျွန်ုပ်သိမြင်နားလည်နိုင်သည်ထက် သာလွန်သည့် ဘုရားဖြစ်သောကြောင့် ယနေ့ ကိုယ့်တော့်ကို ချီးမွမ်းချီးမြှောက်ပါ၏။ □ ဒေ ၁၀-၁၂ □ ဂလာ ၁ သခင်ယေရှုကို သိခြင်း သခင်ယေရှုနှင့် အနီးဆုံးသူများမျှသာ ဝိညာဥ်ရေးရာအမြင် ကင်းမဲ့သည်မဟုတ်ပါ။ ရှင်ယောဟန်ခရစ်ဝင် ကျမ်းအစတွင်ပင် သခင်ခရစ်တော်သည် မည်သူဖြစ်သည်ကို လူတို့မသိမြင်နိုင်ခြင်းအကြောင်းကို ပြောဆိုထားသည်။ “ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း ၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။“ (၁း၁၀-၁၁)။ သို့တိုင် သခင်ယေရှုသည် သူ၏စကားကိုကြားနာခဲ့ရသူများ၊ သူပြုသောအမှုတို့ကို တွေ့မြင်ရခဲ့သူများဖြစ်သည့် သူနှင့်အနီးကပ်ရှိနေသူများအပေါ် မျှော်လင့်ချက်ထားမိခဲ့သည်။ သူ့ကို မည်သူမည်ဝါမှန်း သတိမမူမိခဲ့သော တပည့်တော်အား “... ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော“ဟု ဆုံးမပြစ်တင်ခဲ့သည်(၁၄း၉)။ ခရစ်ဝင်ကျမ်းများတွင် တွေ့ရှိရသော သခင်ခရစ်တော်၏ နှုတ်တော်ထွက်များနှင့် အမှုဝောာ်များကို ရိုးသားစွာ၊ ဆုတောင်းခြင်းအားကြီးစွာ ဆင်ခြင်သုံးသပ်သောအခါ၊ ကိုယ်တော်သည် ဘုရားသခင်၏သားဝောာ်နှင့် ဘုရင်တကာတို့၏ဘုရင်ဖြစ်သည်ဟူသည့် ကိုယ်တော်၏ ဖြစ်တည်မှုကို သိမှတ်အောင် ဝိညာဥ်တော်က ကျွန်ုပ်တို့၏အမြင်များနှင့် စိတ်နှလုံးကို ဖွင့်ပြပေးနိုင်ပြီး၊ ကျွန်ုပ်တို့အား ဘုရားသခင်၏ မိသားစုထဲသို့ ကြိုဆိုမည်ဖြစ်သည် (၁း၁၂-၁၃)။ အာသာဂျက်ဆင် https://myanmar-odb.org/Ppb
ခယ်ရန်ပင်ပို ရောမသြဝါဒစာ ၅:၁-၁၁ “ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။ [ ရော ၅:၁ ] ကျွန်မသူငယ်ချင်း၏မွေးနေ့တွင် သူမအား အဖော်ပြုလျက် အလှပြင်ဆိုင်သို့ သွားခဲ့စဉ်က ဆိုင်၏ဝန်ဆောင်မှုအပေါ် ကျွန်မတို့ နှစ်ဦးစလုံးကျေနပ်ခဲ့ကြသည်။ ငြိမ့်ညောင်းသောတေးဂီတသံတိုးတိုး ဖွင့်ထားပြီး၊ ဝန်ထမ်းတစ်ဦးစီက ကျွန်မတို့ကို ကြိုဆိုကာ ဆိတ်ငြိမ်သော မီးရောင်မှိန်မှိန်ထွန်းထားသောအခန်းသို့ ခေါ်သွားသည်။ ငြိမ်သက်အေးချမ်းမှု၊ တိတ်ဆိတ်မှုနှင့် ကောင်းစွာအနားယူရသောအခွင့်ကို ကျွန်မတို့ခံစားရသည်။ သို့ငြားလည်း စားပွဲပေါ်၌ “ဤသဘာဝဆံကေသာထိန်းသိမ်းမှုနည်းလမ်းသည် သင့်အား လှပသောဆံကေသာကိုပေးခြင်းထက်ပို၍ သင့်အား စိတ်ငြိမ်သက်မှုကို ခံစားရစေမည်”ဟူသော ကြော်ငြာကို ကျွန်မတွေ့လိုက်ရသောအခါ ခိုးပြီးရယ်ချင်စိတ်ကို မနည်းချုပ်တည်းခဲ့ရသည်။ ဆံကေသာဆိုင်ရာထုတ်ကုန်များသည် တည်မြဲသောငြိမ်သက်ခြင်းကို မပေးစွမ်းနိုင်ကြောင်း ကျွန်မတို့အားလုံးသိသော်လည်း၊ ဘဝ၌ စိတ်ဖိစီးမှုများရှိလာသောအခါ ခဏတာသက်သာမှုရရန် ထိုကုထုံးကို ခံယူကြသည်။ စင်စစ် စစ်မှန်သောငြိမ်သက်ခြင်းကို တစ်စုံတစ်ခုမှ ရရှိခြင်းမဟုတ်ဘဲ၊ တစ်စုံတစ်ဦးထံမှ ရရှိခြင်းဖြစ်သည်။ ပေါလုက ရောမမြို့ရှိ ယုံကြည်သူများအား တိုက်တွန်းခွန်အားပေးရာတွင် “ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ ရောက်လျှင် ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏”(ရော ၅:၁)ဟု သတိပေးခဲ့သည်။ အပြစ်တရားက ကျွန်ုပ်တို့အား ဘုရားသခင်နှင့်ကွဲကွာစေခဲ့သည်။ သို့ရာတွင် ခရစ်တော် ၏ကိုယ်ကျိုးစွန့်ခဲ့မှုက ဘုရားနှင့်ကျွန်မတို့ ပြန်လည်မိတ်သဟာယဖွဲ့နိုင်ရန် လမ်းဖွင့်ပေးလျက် (၅:၉-၁၀)၊ “ယုံကြည်ခြင်းအားဖြင့် ဤကျေးဇူးတော်ကို ခံစားရ”ခွင့်(:၁)၊ “ဘုရားသခင်ဘုန်းတော်ကို မျှော်လင့်၍ ဝါကြွားဝမ်းမြောက်”ခွင့် (:၂)၊ “ဒုက္ခဆင်းရဲခြင်း များကြားမှ မျှော်လင့်ခြင်း(:၃-၄) တို့ကိုပေးလျက် ကျွန်မတို့အား ယနေ့နှင့် ထာဝရအတွက် ငြိမ်သက်ခြင်းကိုပေးနေသည်။ ဘုရားသခင်နှင့်ရန်ငြိမ်းခြင်းသည် ရိုးရိုးသာမန်ခံစားချက်ထက်ပိုပါသည်။ ၎င်းသည် သခင်ယေရှု၌ ယုံကြည်ခြင်းအားဖြင့် ခံစားရသောဆုကျေးဇူးဖြစ်သည်။ ကျွန်ုပ်တို့ ဘုရားနှင့်နီးသည်ဟု ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ၊ အလှပြင်ဆိုင်တွင်ဖြစ်စေ၊ ဆေးရုံ၌ဖြစ်စေ၊ ဆိတ်ငြိမ်ချိန်များ၌ဖြစ်စေ၊ ရှုပ်ထွေးချိန်များ၌ဖြစ်စေ သူ၏ငြိမ်သက်ခြင်းကို ရရှိခံစားရမည်ဖြစ်သည်။ ဘုရားသခင်၌ ငြိမ်သက်ခြင်းကို ရှာဖွေခြင်းထက် အခြားသောငြိမ်သက်ခြင်း အခြေအနေကို ရှာဖွေရန် သင်မည်သည့်အချိန်က သွေးဆောင်ခံခဲ့ရသနည်း။ သခင်ယေရှု၏ကိုယ်ကျိုးစွန့်ပေးဆပ်မှု သတိပေးချက်က သခင်၌ ငြိမ်ဝပ်နားနေခွင့်ကို မည်သို့ပေးသနည်း။ သခင်ယေရှုဘုရား၊ ကိုယ်အလိုအတိုင်း ကိုယ်ကျိုးစွန့်ပေးဆပ်မှုအတွက် ကျေးဇူးတင်ပါ၏။ □ ဒေ ၇-၉ □ ၂ ကော ၁၃ ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်း ရှင်ပေါလုသည် “ထို့ကြောင့်”ဟူသောစကားလုံးဖြင့် ရောမဩဝါဒစာအခန်းကြီး ၅ကို အစပြုထားသည်။ ၎င်းမှာ “ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်”ကြောင်း(း၁) သူပြောပြီးသားအကြောင်းအရာကို မီးမောင်းထိုးဖော်ပြကာ၊ ထို့နောက် လက်တွေ့ကျကျ ကောက်ချက်ချမှုကို ညွှန်ပြထားသည်။ သခင်ယေရှုအားဖြင့် ထားရှိသည့် ဘုရားသခင်၏ ကတိတော်များကို ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာသို့ ရောက်သောသူများသည် (၄း၁၃-၂၅ကိုရှု) ဆင်းရဲဒုက္ခများကြားတွင် ကြံ့ကြံ့ခံနိုင်ကြသည်၊ အကျင့်သဘောထားများ ရင့်ကျက်လာသည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် လွှမ်းခြုံပြည့်ဝမှု စသည့် (း၃-၅)၊ ဘုရားသခင်နှင့် ရန်ငြိမ်းခြင်းကို ခံစားဝမ်းမြောက်နိုင်ကြသည် (၅း၁)။ ဘုရားသခင်နှင့် ရန်ငြိမ်းခြင်းသည် သခင်ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့လက်ခံရရှိသော ဆုကျေးဇူးလက်‌ဆောင်ဖြစ်ပြီး၊ ကျွန်ုပ်တို့အသက်တာသစ်၏အစသာဖြစ်သည်။ ကျွန်ုပ်တို့သည် အနာဂတ် ဘုန်းအသရေအား မျှော်လင့်ခြင်းကို ကိုင်စွဲသောအခါ ၎င်းသည် ဆင်းရဲဒုက္ခများအားဖြင့် ကျွန်ုပ်တို့ရှင်သန် ကြီးထွားလာနိုင်သော အခြေခံအုတ်မြစ်ဖြစ်သည်။ အခြားသူများအတွက် ချစ်ခြင်းမေတ္တာဖြင့် မိမိအသက်ကို ပေးခဲ့ပြီး ကျွန်ုပ်တို့လိုအပ်သော ငြိမ်သက်ခြင်းကိုပေးခဲ့သည့် သခင်ယေရှုကဲ့သို့ ဘဝအသက်ရှင်သန်ရန် ကျွန်ုပ်တို့ကို သွန်သင်ပေသည်။ Jed Ostoich https://myanmar-odb.org/Pp8
ဘရဲန့်ဟက်ကက် ဆာလံကျမ်း ၁၉:၇-၁၄ ထာဝရဘုရား၏တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ [ ဆာ ၁၉:၇ ] ၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် နေ့စဥ်ခွန်အား(Our Daily Bread)စာစောင်တွင် ဒေါက်တာ အမ်အာရ်ဒီဟန်း ရေးသားသော ဝတ်ပြုကိုးကွယ်ခြင်းစာမူ တစ်ပုဒ်ကိုဖော်ပြခဲ့သည်။ သူက ခရက်ကာဂျက်တံဆိပ် ပြောင်းဖူး‌ပေါက်ပေါက်သကြားလုံး ဘူးကြီးတစ်ဘူးကို မည်မျှလိုချင်ကြောင်း ရေးခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ၎င်းကို သမ္မာကျမ်းစာအား ဆာငတ်တောင့်တမှုနှင့် ဆက်စပ်ပြရန်ဖြစ်သည်။ သို့သော် ရက်သတ္တပတ်အနည်းငယ်အကြာ၌ သူ၏ရုံးခန်းသို့ ခရက်ကာဂျက် ပြောင်းဖူးပေါက်ပေါက်ဘူးများစွာ စတင်ရောက်လာသဖြင့် သူအံ့သြခဲ့ရသည်။ သစ္စာရှိသော ဝိညာဉ်ရေးရာခွန်အားပေးစာကို ဖတ်ရှုသူများ အားဖြင့် ခရက်ကာဂျက်ကို တောင့်တသည့် သူ၏ဆန္ဒပြည့်ဝခဲ့သည်။ သမ္မာကျမ်းစာ၌ ပုံမှန်အချိန်ပေးမြှုပ်နှံမှု အလေ့အကျင့်ကို လျစ်လျူရှုရန် အမြဲ လွယ်ကူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် “ပျားရည်ထက်ချိုသော” (ဆာ ၁၉:၁၀) အရာတစ်ခုကို တောင့်တရန် လိုအပ်သည်။ ဆာလံဆရာ ဒါဝိဒ်က ဘုရားသခင်၏ စကားများသည် “စုံလင်ဖြောင့်မတ်ပြီး စိတ်ဝိညာဉ်ကို လန်းဆန်းစေ”ကြောင်း၊ “ယုံကြည်စိတ်ချထိုက်ပြီး” ဉာဏ်ပညာအပြည့်ရှိကြောင်း(:၇) သိမှတ်ရန် အားပေးထားသည်။ သူက“ထာဝရဘုရား၏နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏”(:၈)ဟု ရှင်းပြသည်။ ဒေါက်တာဒီဟန်းက စာဖတ်သူများအား ကျမ်းစာနှင့် အပြန်အလှန်ဆက်သွယ် မှုကို အလေ့အကျင့်တစ်ခုအဖြစ် ပြုလုပ်ရန်၊ ချိုမြိန်သော ပေါက်ပေါက်ကို တောင့်တသကဲ့သို့ နေ့စဉ် တောင့်တမှုဖြစ်လာစေရန် အားပေးခဲ့သည်။ ကျွန်ုပ်တို့အတွက်လည်း ကျမ်းစာကို ပုံမှန်တွေးတောဆင်ခြင်ပြီး၊ သမ္မာတရားများအား တုံ့ပြန်သည့်အလေ့အကျင့်ကို ပျိုးထောင်ကြီးပွားစေရန် အရေးကြီးသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို မစသည်နှင့်အမျှ “အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော” (:၁၄) ဟု ပြောဆိုသော ဒါဝိဒ်ကဲ့သို့ ဖြစ်ကြပါစို့။ သင့်အတွက် သမ္မာကျမ်းစာသည် နေ့စဉ် မည်မျှ “ချိုမြိန်”သနည်း။ ကျမ်းစာသည် ရွှေငွေဘဏ္ဍာထက် ပို၍အဖိုးတန်ကြောင်း အခြားသူများအား မည်သို့မျှဝေနိုင်မည်နည်း။ ချစ်သောဘုရားသခင်၊ ကျွန်ုပ်ကို သခင်ယေရှုထံ ညွှန်ပြပေးသော ကိုယ်တော်၏ကျမ်းစာများအတွက် ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏သမ္မာတရားကို သတိရရန်အတွက် ထိုကျမ်းစာများနှင့် နေ့စဉ် ထိတွေ့တည်နေနိုင်ရန် ကူမတော်မူပါ။ □ ဒေ ၄-၆ □ ၂ ကော ၁၂ သမ္မာကျမ်းစာ၏ ချိုမြိန်မှု ဆာလံကျမ်း ၁၉ တွင် ပါရှိသော ဒါဝိဒ်၏ နှုတ်ကပတ်တော်ကို ချစ်မြတ်နိုးခြင်းသည် (တရားတော်၊ သက်သေခံတော်မူချက်၊ နည်းဥပဒေသ၊ စီရင်တော်မူချက်) စသည်ဖြင့် သူအသုံးပြုထားသော သရုပ်ဖော် အသုံးအနှုန်းအားဖြင့် သက်သေထင်ရှားသည်။ “ရွှေထက်မက များစွာသောရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်”သည်(း၁၀)။ နှုတ်ကပတ်တော်သည် “စိတ်နှလုံးကို ရွှင်လန်းစေသည်၊ မလိမ္မာသောသူတို့ကို လိမ္မာစေသည်ပညာရှိဖြစ်စေကာ၊ ထိုးထွင်းဥာဏ်ကို ပေးစွမ်းသည်၊ ဝမ်းမြောက်ခြင်းနှင့် သတိပေးချက်များကို ဆောင်ကြဥ်းပေးကာ၊ ဆုလာဘ်အကျိုးကျေးဇူးများကိုလည်း ရရှိစေသည်(း၇-၁၁)။ ဘုရားသခင်၏နှုတ်တော်ထွက်ကို အလားတူ ချစ်မြတ်နိုးခြင်းကို ဆာလံကျမ်း ၁၁၉း၉၇-၁၀၄တွင်လည်း တွေ့ရှိရသည်။ ဒါဝိဒ်ကဲ့သိုပင် ဆာလံဆရာက နှုတ်ကပတ်တော်သည် “ပျားရည်ထက်သာ၍ချို”သည်ဟု ဖော်ပြထားသည် (၁၀၃)။ နှုတ်ကပတ်တော်တွင် အသက်ရှင်ခြင်းအတွက် ဥာဏ်ပညာကို တွေ့ရှိရပြီး၊ “နှုတ်ကပတ်တော်သည် (အကျွန်ုပ်တို့) ခြေရှေ့မှာ မီးခွက်ဖြစ်၍ (အကျွန်ုပ်တို့)လမ်းခရီးကို လင်းစေပါ”သည်(း၁၀၅)။ ဓမ္မသစ်ကျမ်းတွင် ရှင်ပေါလုက “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းဝောာ်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း ၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။”ဟု ပြောထားသည်(တိမောသေဩဝါဒစာ ဒုတိယစောင် ၃း၁၆-၁၇)။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်၏ ချိုမြိန်မှုကို မက်မောတောင့်တမှုဖြင့် ဖတ်ရှုကာ ၎င်းပါကျမ်းစကားများကို ဆင်ခြင်သုံးသပ်လိုက်လျှောက်သောအခါ ကျွန်ုပ်တို့သည်လည်း သမ္မာကျမ်းစာ၌ မွေ့လျော်ဝမ်းမြောက်ပြီး ၎င်းမှ ပေးလာသည့်ဆုလာဘ်များကို ရိတ်သိမ်းရမည်ဖြစ်သည်။ အယ်လီဆန်ကီဒါ https://myanmar-odb.org/Pp4
ဂျဲနီဖါဘန်စန်ရှော့ထ် သုတ္တံကျမ်း ၂၈:၁၃-၁၄ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား ကရုဏာတော်ကို ခံရလိမ့်မည်။ [ သု ၂၈:၁၃ ] ကျွန်မ၏ဘယ်ဘက်မျက်လုံးအနီးတွင် ယားယံသောအရေပြားအကွက်တစ်ကွက် ပေါ်လာသောအခါ မိတ်ကပ်လိမ်း၍ ဖုံးကွယ်ခဲ့သည်။ ဤအရာက ကျွန်မ၏ ပြဿနာကို ယာယီဖုံးကွယ်ပေးခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ရောင်ရမ်း နီရဲသောအစက်သည် မပျောက်ကင်းဘဲ ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း ကျွန်မသိလိုက်သည်။ ဆရာဝန်နှင့်ချိန်းဆိုထားသောမနက်တွင် ပုံမှန်အတိုင်း မိတ်ကပ် လိမ်းရန် ကျွန်မသွေးဆောင်ခံရသော်လည်း မလိမ်းခဲ့ပါ။ ဆရာဝန်သည် ပြဿနာကို ရှင်းရှင်းလင်းလင်းမြင်တွေ့ကာ ရောဂါကိုကုသပျောက်ကင်းရန် ကျွန်မအလိုရှိသောကြောင့် ဖြစ်သည်။ သင်သည် အပြစ်ပြဿနာတစ်ခုကို ဖုံးကွယ်ရန် ကြိုးစားဖူးပါသလား။ အချို့သောလုပ်ရပ် (သို့) အတွေးများက သင့်ကို ထိန်းချုပ်နေကြောင်း သင်သိသော်လည်း ၎င်းအတွက် ဆုတောင်းခြင်း (သို့) မိသားစုနှင့် သူငယ်ချင်းများအား ပြောပြခြင်းကို မပြုလုပ်ဘဲ ရှောင်ရှားခဲ့ဖူးပါသလား။ အခြားသူများစွာလည်း အလားတူပြဿနာ များကို ရင်ဆိုင်နေရသောကြောင့် ၎င်းသည် ကြီးကြီးမားမားကိစ္စမဟုတ်ဟု သင်ထင်ကောင်းထင်နိုင်သည်။ သို့သော် အပြစ်သည် ကျွန်ုပ်တို့၏ဘဝကို လျှို့ဝှက်စွာ ညစ်ညမ်းစေသောအခါ ဝိညာဉ်ရေးရာတွင် ရှင်သန်ကြီးထွားရန် မဖြစ်နိုင်ပါ။ သုတ္တံ ၂၈:၁၃ ၌ ဖော်ပြထားသည့်အတိုင်း၊ “မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ”နိုင်ပေ။ ကျေးဇူးတင်စရာကောင်းသည်မှာ “မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်”ဟု ထိုကျမ်းပိုဒ်၌ ဆက်လက်ဖော်ပြထားသည် (:၁၃)။ မိမိ၏လုပ်ရပ်များကို ဘုရားသခင်၏အမြင်ဖြင့် ရှုမြင်လက်ခံပြီး အချို့သော အလေ့အထများသည် မှားယွင်းကြောင်း ဝန်ခံရန် ခက်ခဲနိုင်သည်။ သို့သော် သူ၏ ကရုဏာတော်သည် ကျွန်ုပ်တို့ကိုယ်ကို နှိမ့်ချရန် လုပ်ဆောင်မှုကို လွယ်ကူစေသည်။ မိမိ၏ရုန်းကန်မှုထဲသို့ ခရစ်တော်၏ဝိညာဉ်တော်တန်ခိုးကို ခေါ်ဖိတ်ကြိုဆိုသော အခါ ကျွန်ုပ်တို့ကို သွေးဆောင်သောမှားယွင်းမှုကို ငြင်းပယ်နိုင်တော့သည် (ဂလာ ၅:၁၆-၁၇၊ ၂၂-၂၄)။ ကျွန်ုပ်တို့ကို ဘုရားသခင် လမ်းပြညွှန်သောအခါ ပြောင်းလဲမှု သည် ဖြစ်ပေါ်နိုင်ပြီး၊ ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာ ကျန်းမာရေးအတွက် အားထုတ်မှုမှာ ထိုက်တန်သည့်လုပ်ရပ်ဖြစ်သည်။ အပြစ်ကို ဝန်ခံရန် သင်စဉ်းစားသည့်အခါ ဘုရားသခင်၏ထာဝရမေတ္တာသည် အဘယ်ကြောင့် ခွန်အားကိုဖြစ်စေသနည်း။ အပြစ်နှင့် ရုန်းကန်နေရစဥ် ရန်သူသည် သင့်ကို မည်သို့လှည့်စားနိုင်သနည်း။ ချစ်သောဘုရားသခင်၊ ကျွန်ုပ်၏အသက်တာရှိ အပြစ်ပြုမိသည့်ကဏ္ဍများကို ကိုယ်တော်ထံ အပ်နှံရန် ကူမတော်မူပါ။ □ ဒေ ၁-၃ □ ၂ ကော ၁၁:၁၆-၃၃ ခရစ်တော်‌ ဖော်ဆောင်‌ပေးသော ပြောင်းလဲမှု သုတ္တံကျမ်း ၂၈း၁၃-၁၄တွင် မိမိတို့၏ အပြစ်များကို သိမှတ်ဝန်ခံသူတို့ထံသို့ သက်ရောက်သော မင်္ဂလာဖြစ်သည့် အပြစ်ဝန်ခံမှု၏အရေးပါပုံကို အလေးထား‌ဖော်ပြထားသည်။ ဤကဲ့သို့ မရှိမဖြစ်အရေးပါသော အကြောင်းသည် ဓမ္မသစ်ကျမ်းနှင့် ဓမ္မဟောင်းကျမ်းတို့၏ အခြားနေရာအနှံ့တွင်ရှိသော သမ္မာကျမ်းစာ၏ သွန်သင်မှုများအတိုင်း မပြောင်းမလဲ တစ်သမတ်တည်း တည်ရှိသည်။ ဆာလံကျမ်း ၃၂ တွင် သုတ္တံကျမ်း၌ ဖော်ပြပါရှိသည့်အတိုင်း “မင်္ဂလာရှိ၏”၊ “ဖုံးအုပ်ခြင်း”၊ “ဝန်ခံမှု” စသည့်စကားလုံးများကို ဖော်ပြထားသည်။ “အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွှတ်၍၊ လှည့်စားတတ်သောစိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိ၏။” (ဆာလံကျမ်း ၃၂း၁-၂)။ “တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသောဒုစရိုက်အပြစ်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်“(း၅)။ အထက်ပါ ဓမ္မဟောင်းကျမ်းပိုဒ်၌ ပါရှိသော အားပေးတိုက်တွန်းခွန်အားဖြည့်ထားသည့် ခံယူချက်သဘောထားများကို ရှင်ယောဟန်ဩဝါဒစာပထမစောင် ၁း၉ တွင်လည်း ဖော်ပြထားပါသည်။ “ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင် ၊ ငါတို့အပြစ် များကို လွှတ်၍၊ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။” မိမိ၏အပြစ်များကို ဖုံးကွယ်ခြင်းသည် မကောင်းသော၊ မမှန်ကန်သောသဘောဖြစ်ပြီး၊ အပြစ်များကို နှိမ့်ချစွာဝန်ခံကာ အပြစ်များမှ လှည့်ပြန်ကျောခိုင်းခြင်း အလင်းသို့ဝင်ရောက်ခြင်းက အသက်လမ်းသို့ ဦးတည်နေသည်။ အာသာဂျက်ဆင် https://myanmar-odb.org/Pp2
အေဒမ် အာရ် ဟို့ ယောဘဝတ္ထု ၄၁:၁-၅၊ ၁၀-၁၄ ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ်သူသည် ငါ၌ ကျေးဇူးပြုဖူးသနည်း။ မိုးကောင်းကင်အောက်၌ ရှိသမျှတို့သည် ငါ၏ဥစ္စာဖြစ်ကြ၏။ [ ယောဘ ၄၁:၁၁ ] လွန်လေသောနှစ်များက ကျွန်ုပ်၏စာတိုက်ပုံး၌ ထူထဲသော အထုပ်တစ်ထုပ်ရောက်လာသည်။ အထုပ်ပေါ်ရှိ ပေးပို့သူလိပ်စာ၌ ကျွန်ုပ်အခင်ဆုံးသူငယ်ချင်း၏ လိပ်စာကို သတိပြုမိပြီးနောက် ကျွန်ုပ်ပြုံးလိုက်မိသည်။ ဂျိုးသည် ရံဖန်ရံခါ ကျွန်ုပ်ထံသို့ မျှော်လင့်မထားသောအရာများကို ပေးပို့တတ်သည်။ အထုပ်ကို သေသပ်စွာ ထုတ်ပိုးထားပြီး၊ အထုပ်ထဲ၌ ငါးလက်မအရှည်ရှိ အညိုရင့်ရောင် ငါးမန်းသွားတစ်ချောင်းပါရှိသည်။ ၎င်းသည် သမိုင်းမတင်မီခေတ်မှ မက်ဂလိုဒွန် (Megalodon) ငါးမန်းတစ်ကောင်၏ကျောက်ဖြစ်ရုပ်ကြွင်းသွားဖြစ်ပြီး၊ ဧရာမငမန်းဖြူတစ်ကောင်ထက် အဆပေါင်းများစွာ ကြီးမားသောငါးမန်းဖြစ်ကြောင်း ဂျိုး၏စာ၌ ရှင်းပြထားသည်။ ထိုကဲ့သို့သောသွားများကို တန်းစီထားသော ငါး၏မေးရိုးသည် မည်မျှကြီးမားလိမ့်မည်ကို ကျွန်ုပ်တွေးကြည့်မိသည်။ အနံ ၉ ပေနှင့် အလျား ၁၁ ပေ ရှိမည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းချက်ကြသည်။ ဤသတ္တဝါများသည် မည်မျှထူးခြားဆန်းကြယ်သော မြင်ကွင်းမျိုး ဖြစ်ခဲ့လိမ့်မည်နည်း။ သမ္မာကျမ်းစာက မက်ဂလိုဒွန်ငါးမန်းအကြောင်း မဖော်ပြထားပါ။ သို့သော် ယောဘဝတ္ထုတွင် ဘုရားသခင်သည် လဝိသန်ဟု ခေါ်သော ပင်လယ် သားရဲတစ်ကောင်ကို ဖော်ပြထားသည်။ ယောဘဝတ္တု ၄၁ ၌ ၎င်း၏ ထူးခြားသောပုံသဏ္ဌာန်ကို အသေးစိတ်ဖော်ပြထားသည်။ “လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သောတန်ဆာတို့ကို ငါသည် ဝှက်၍မထား”ဟု ဘုရားသခင်က ယောဘအား မိန့်တော်မူသည် (:၁၂)။ “သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏သွားတန်းတို့သည် ကြောက်မက်ဘွယ်ဖြစ်ကြ၏” (:၁၄)။ အဖြေကား လဝိသန်ကို ဖန်ဆင်းသော အရှင်သာလျှင်ဖြစ်သည်။ ဤနေရာ၌ ဤသားရဲသည် မည်မျှပင်ကြီးမားထည်ဝါနေပါစေ ၎င်း၏ဖန်ဆင်းရှင်နှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ကြောင်း ဘုရားသခင်က “မိုးကောင်းကင်အောက်၌ ရှိသမျှတို့သည် ငါ၏ဥစ္စာဖြစ်ကြ၏” (:၁၁) ဟု ယောဘအား သတိပေးသည်။ ထိုမက်ဂလိုဒွန်ငါးမန်းသွားသည် ကျွန်ုပ်၏စားပွဲပေါ်တွင် ရှိနေပြီး ဖန်ဆင်းရှင်၏ ဘုန်းတန်ခိုးနှင့် ဖန်ဆင်းခြင်းအစွမ်းတန်ခိုးကို မြင်သာအောင် သတိပေးနေသည့်အရာဖြစ်သည်။ လောကကြီးက မိမိထင်သလို ဖြစ်မလာဟုခံစားရသောအခါ ဘုရားသခင်၏ဂုဏ်‌တော်ဝိသေသသည် ထိုထင်မှတ်မထားသည့် သတိပေးမှုမှ တစ်ဆင့် ကျွန်ုပ်အား နှစ်သိမ့်မှုကိုပေးပေသည်။ ဖန်ဆင်းခြင်းတစ်စုံတစ်ရာသည် ဘုရားသခင်၏တန်ခိုးနှင့် ဖန်ဆင်းမှုကို သင့်အား မည်သို့သတိပေးသနည်း။ ဖန်ဆင်းခြင်း၌ ဘုရားသခင်၏လုပ်ဆောင်မှုသည် သင့်အား မည်သို့ ခွန်အားပေးသနည်း။ ချစ်သောအဘဘုရား၊ ကိုယ်တော်၏ဖန်ဆင်းခြင်းသည် ကိုယ်တော်၏ခံ့ညားမှုနှင့်ဘုန်းတန်ခိုးတော်ကို မြွက်ဆိုလျက်ရှိပါ၏။ အသက်တာ၌ လွှမ်းမိုးဖိစီးမှုကို ခံစားရစဥ် ကိုယ်တော်ကို ယုံကြည်ကိုးစားရန် ကူမတော်မူပါ။ □ သု ၃၀-၃၁ □ ၂ ကော ၁၁:၁-၁၅ မက်ဂလိုဒွန်ငါးမန်းနှင့် လဝိသန် ကိုယ်‌ဝောာ်၏အခွင့်အာဏာနှင့် တန်ခိုးဝောာ်ကို ကိုယ်တော်ဖန်ဆင်းထားသော အရာများအားဖြင့် သက်သေပြခြင်း အကြောင်းနှင့်ပတ်သက်၍ ယောဘဝတ္ထု ၄၀း၆ မှ အစပြုသည့် ဘုရားသခင်နှင့် သူ၏ ရုန်းကန်နေရသော ကျွန် ယောဘတို့အကြား ရှည်လျားသော အပြန်အလှန်ပြောဆိုမှုတွင် ယောဘဝတ္ထု အခန်းကြီး ၄၁ သည် တစ်စိတ်တစ်ဒေသ ကိုယ်စားပြုပါဝင်သည်။ သူ၏အပြစ်ကင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အခန်းကြီးများစွာ တွင် ခုခံပြောဆိုပြီးနောက် ဘုရားသခင်၏ကြီးမြတ်မှုကို ရင်ဆိုင်ရသောအခါ ယောဘသည် သူ၏ကိုယ်ပိုင် ကောင်းမြတ်မှုအပေါ် မဝါကြွားနိုင်တော့ဘဲ၊ သူပြောခဲ့သမျှအတွက် ကျိုးပဲ့ကြေမွစိတ်နှင့် စစ်မှန်စွာ နောင်တရခဲ့သည် (၄၂း၁-၆)။ ‌ယောဘသည် လူကောင်းတစ်‌ယောက် ဖြစ်သည်မှာ ပြောစရာမရှိပေ။ သို့သော်လည်း စကြဝဠာကြီးကို အုပ်စိုး‌တော်မူသော ဘုရားသခင်နှင့်ရင်ဆိုင်ရသောအခါ ဟေရှာယ၏နှိုင်းယှဥ်ဖော်ပြသကဲ့သို့ “အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်ညမ်းသော အဝတ်နှင့်တူ”ကြောင်း (ဟေရှာယအနာဂတ္တိကျမ်း ၆၄း၆) ထင်ရှားစွာပေါ်လွင်နေတော့သည်။ ဖန်ဆင်းခြင်းသည် ဘုရားသခင်၏ကြီးမြတ်မှုကို ကျွန်ုပ်တို့အား ဖော်ပြသတိပေးသည်။ ၎င်းသည် ကိုယ်‌တော်ရှေ့တွင် ကျွန်ုပ်တို့၏ သေးငယ်မှုနှင့် ကိုယ်တော်အပေါ်တွင် ကျွန်ုပ်တို့နက်နက်နဲနဲ အမှီပြုရမှုတို့ကို ဖွင့်ဟဖော်ပြနေပါသည်။ ဘေလ်ခရောက်ဒါ https://myanmar-odb.org/PoY
Karen Huang တရားသူကြီးမှတ်စာ ၃:၇-၁၁ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်…။ [ တရား ၃:၁၀ ] ခင်ပွန်းဖြစ်သူကွယ်လွန်သွားခြင်းက နိုရာအတွက် အပြောင်းအလဲကာလကို စတင်စေခဲ့သည်။ ခင်ပွန်း၏ကွန်ပြူတာပစ္စည်းလုပ်ငန်းကို ဆက်လက် ဦးစီးခဲ့ပြီး သူတို့၏ကလေးသုံးဦးကို သူမတစ်ဦးတည်း ပြုစုစောင့်ရှောက်ခဲ့သည်။ “အားယူ၍ ခိုင်ခံ့ပါ” ဟု မိတ်ဆွေများက သူမကို မကြာခဏ ပြောကြသည်။ သို့သော် ယင်းက ဘာကိုဆိုလိုသနည်း။ မိမိ၏တာဝန်များကို ပျက်ကွက်ခြင်းမရှိဘဲ ထမ်းဆောင်ရမည်ဟုဆိုလိုပါသလားဟု သူမတွေးမိသည်။ ဣသရေလလူတို့၏ အပြောင်းအလဲကာလတွင် ဘုရားသခင်သည် ဩသံယေလအား ကြီးမားသောတာဝန်များကို အပ်နှင်းခဲ့သည်။ ရုပ်တုကိုးကွယ်မှု အတွက် ဒဏ်ခတ်ဆုံးမသည့်အနေဖြင့် ဘုရားသခင်သည် ဣသရေလပြည်အား မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ်၏လက်သို့ အပ်လိုက်ပြီး ဣသရေလ လူမျိုးတို့သည် ရှစ်နှစ်ကြာ သူ့လက်အောက်၌ ကျွန်ခံခဲ့ရသည် (သူကြီး ၃:၈)။ ထိုဘုရင်၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုအောက်တွင် ဣသရေလလူမျိုးတို့သည် “ထာဝရဘုရားထံသို့ အော်ဟစ်ခဲ့ကြပြီး”၊ “ဘုရားသခင်သည် သူတို့အတွက် ကယ်တင်သောသခင်အဖြစ် “ဘုရားသခင်၏ခွန်အား”ဟု အဓိပ္ပာယ်ရသောနာမည်ပိုင်ရှင် သြသံယေလကို ပေါ်ထွန်းစေတော်မူသည် (:၉)။ ဣသရေလပြည်၏ ပထမဆုံးသော တရားသူကြီးအဖြစ် ဩသံယေလ၌ သူ့အား ဆက်ခံမည့်သူမရှိခဲ့ပါ။ ဤစစ်ခေါင်းဆောင်ကြီးသည် ဣသရေလလူမျိုးတို့အား ဘုရားသခင်နှင့် ပဋိညာဉ်ပြုထားသည့် ဆက်ဆံရေးအတိုင်း ပြန်လည်အသက်ရှင်ရန် လမ်းညွှန်ပေးခဲ့ပြီး သူတို့၏ရန်သူများလက်မှ ကာကွယ်ပေးခဲ့သည်။ သို့သော် “ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်၌ သက်ရောက်သဖြင့်”(:၁၀) သူသည် အောင်မြင်ခဲ့သည်။ ဘုရားသခင်၏ခွန်အားက ဩသံယေလ၏ခေါင်းဆောင်မှုကို မစထောက်ပံ့ပေးခဲ့ပြီး သူကွယ်လွန်သည်အထိ အနှစ်လေးဆယ်တိုင် တစ်ပြည်လုံး ငြိမ်းချမ်းခဲ့သည် (:၁၁)။ ကျွန်မတို့ မည်ကဲ့သို့ စစ်မှန်စွာ “အားယူ၍ခိုင်ခံ့”နိုင်မည်နည်း။ မိမိသည် ခိုင်ခံ့ခြင်းမရှိကြောင်းကို သိမှတ်ခြင်းနှင့် ဘုရားသခင်က သူ၏ခွန်အားကို ကျွန်မတို့အား ပေးအပ်မည်ဟု ယုံကြည်ခြင်းအားဖြင့် ဖြစ်နိုင်သည်။ ဘုရားသခင်၏ “ကျေးဇူးတော်သည် [ကျွန်မတို့အတွက်]လုံလောက်ပြီး၊ [သူ၏] တန်ခိုးတော်သည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်”(၂ ကော ၁၂:၉)။ ဘုရားသခင်၏ခွန်အားသည် ကျွန်မတို့မှတစ်ဆင့် အလုပ်လုပ်လျက်ရှိပြီး သူသာလျှင် ပြုနိုင်သောအမှုအရာများကို ကိုယ်‌တော် ပြုပေသည်။ “အားယူ၍ခိုင်ခံ့”ခြင်းရှိရန် သင် မည်သို့ကြိုးစားခဲ့သနည်း။ ခွန်အားနှင့်ပတ်သက်၍ သင်၏သိနားလည်မှုကို ဩသံယေလ၏ဇာတ်လမ်းက မည်သည့်သက်ရောက်မှုဖြစ်စေသနည်း။ ခမည်းတော်ဘုရားသခင်၊ ကိုယ်တော်၏ခွန်အားကို အားကိုးအမှီပြုရန် ကျွန်ုပ်အား ကူမတော်မူပါ။ □ သု ၂၇-၂၉ □ ၂ ကော ၁၀ ဘုရားသခင်၏ခွန်အား တရားသူကြီးမှတ်စာ ၂း၁၀-၁၉ တွင် တရားသူကြီးမှတ်စာတစ်ခုလုံးရှိ ပုံစံတစ်ခုကို ဖော်ပြထားသည်။ ထိုလူမျိုးတော်စုသည် “ထာဝရဘုရားကို အသိအမှတ် မပြုတော့ခြင်း” သို့မဟုတ် “ဣသရေလအမျိုးအဖို့ ပြုတော်မူသော (ကြီးမားသော)အမှုတို့ကို မသိမအောက်မေ့တော့ခြင်း”ကြောင့် သူတို့သည် ဖောက်ပြန်ကာ (၎င်းတို့၏ယုံကြည်ခြင်းကို စွန့်လွှတ်မျက်ကွယ်ပြုသည့်) အဖြစ်သို့ ရွေ့လျော့နိမ့်ဆင်း သွားတော့သည်။ ထို့ကြောင့် ဣသရေလလူတို့၏ရန်သူများ သူတို့ကို‌အောင်နိုင်ရန် ဘုရားသခင်သည် သူတို့တစ်ဘက်၌ ဆန့်ကျင်လျက် ရန်သူများကို နှိုးဆော်ခဲ့သည်။(း၁၅)။ ထို့နောက် ဣသရေလလူမျိုး များ၏ “ညည်းတွားသံများ”(း၁၈)ကို ဘုရားသခင်သည် အဖြေပေးတုံ့ပြန်သည့် အနေဖြင့် ၎င်းတို့ကို ကယ်တင်ရန် တရားသူကြီးများကို ပေါ်ပေါက်စေခဲ့သည်။ တရားသူကြီးများ အသက်ရှင်သည့်ကာလပတ်လုံး ထိုလူမျိုး‌တို့သည် လုံခြုံမှုကို ရရှိကြ သော်လည်း (း၁၈)၊ တရားသူကြီးတစ်ပါး သေဆုံး သည်နှင့် ယုံကြည်ခြင်းကို စွန့်လွှတ်လျက် ရွေ့လျော့ခြင်းက တစ်ပတ်လည်ပြီး ထပ်ခါထပ်ခါ ဖြစ်နေပါ တော့သည်။ (း၁၉)။ တရားသူကြီးမှတ်စာ ၃း၇-၁၁ တွင် ဤပုံစံ၏ဥပမာနမူနာတစ်ခုကို ဖော်ပြထားသည်။ ဘုရားသခင်၏ အမြတ်ဒေါသကြောင့် ဣသရေလလူတို့ ရှစ်နှစ်တာ သူ့ကျွန်ဘဝရောက်ခဲ့သည်(း၈)။ သူတို့သည် ဘုရားသခင်ထံ ငိုကြွေးအော်ဟစ်ခေါ်သောအခါ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဥ်တော်၏ တန်ခိုးဖြင့် သူတို့ကိုကယ်တင်ရန် ဩသံယေလကို ချီးမြှောက်လျက် ပေါ်ပေါက်စေခဲ့သည် (း၉-၁၀)။ ဩသံယေလကို ဘုရားသခင်ခွန်အားပေး သကဲ့သို့၊ ကိုယ်တော်သာလျှင်ပြုနိုင်သောအမှုကို ကျွန်ုပ်တို့ အားဖြင့်ပြုရန် ဘုရားသခင်၏ခွန်အား၌ ကျွန်ုပ်တို့လည်း အမှီပြုနိုင်သည်။ မိုနီကာလာရို့စ် https://myanmar-odb.org/PoW
လီစာအမ်စမ်ရာ ဟေရှာ၄၀:၁၀-၁၁၊၂၉-၃၁ သိုးသူငယ်တို့ကို ချီ၍ ပွေ့ပိုက်တော်မူမည်။ [ ဟေရှာ ၄၀:၁၁ ] မိခင်က သူမ၏မွေးကင်းစကလေးငယ်ကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားပြီး၊ သူမနှင့်အတူ ဆေးရုံသို့ ကျွန်မလိုက်သွားကာ မွေးကင်းစကလေးငယ် အထူးကြပ်မတ် ကုသဆောင်ဌာနတွင် ထိုင်စောင့်နေခဲ့သည်။ နည်းပညာအဆင့်မြင့် ဆေးဘက်ဆိုင်ရာဌာနတွင် ဆရာဝန်များက ကလေးငယ်၏ကျန်းမာရေးကို မြှင့်တင်ရန်နှင့် အားကောင်းစေရန် အလွန်ရိုးရှင်းသောညွှန်ကြားချက်ကို အကြံပြုထောက်ခံခဲ့သည်။ ထိုညွှန်ကြားချက်မှာ အသစ်စက်စက်မိခင်သည် သူမ၏သမီးငယ်ကို ရိုးရိုးလေး ပွေ့ချီသည့်အချိန်ကို တိုး၍ကြာကြာချီထားရန် ဖြစ်သည်။ ကလေးငယ်တစ်ဦးအား သက်သာစေသော နှစ်သိမ့်မှုမျိုးကိုပေးရန်မှာ မိဘ၏ ကြီးမားသောချစ်ခြင်းမေတ္တာနှင့် နူးညံ့သောကရုဏာမှတစ်ပါး အခြားမရှိပါ။ ဤသို့ အားကြီးသောပုံရိပ်မျိုးကို ဘုရားသခင်နှင့်သူ၏လူမျိုးများအား ပုံဖော်ထားသည့် ပရောဖက်ဟေရှာယ၏အနာဂတ္တိကျမ်းတွင် တွေ့နိုင်ပါသည်။ ဣသရေလလူမျိုးများသည် ဘုရားသခင်ကို ငြင်းပယ်သောကြောင့် ပြည်နှင်ဒဏ်ခံရမည်ဖြစ်ကြောင်း ပရောဖက်ပြုထားသည့်တိုင် (ဟေရှာယ၃၉:၅-၇) ဘုရားသခင်သည် သူတို့အား ချစ်သေးကြောင်းနှင့် အမြဲထောက်ပံ့မည်ဖြစ်ကြောင်း ဣသရေလလူမျိုးများအား ဟေရှာယပြောကြားခဲ့သည်။ ချစ်ခင်တတ်သောဖခင်ပမာ သူ၏ သိုးသူငယ်တို့ကို ချီ၍ ပွေ့ပိုက်တော်မူသည့် သိုးထိန်းအဖြစ် လှပစွာတင်စားသည့် ဥပမာတွင် ဘုရားသခင်၏သနားညှာတာမှုနှင့် လုံခြုံသည့် ဂရုစိုက်မှုတို့ကို ထင်ရှားစွာ တွေ့နိုင်သည်(၄၀:၁၁)။ ဘုရားသခင်၏တည်ရှိမှုသည် ကျွန်ုပ်တို့အား ငြိမ်းချမ်းမှုနှင့်အကာအကွယ်ကို ပေးစွမ်းနိုင်ပြီး၊ မွေးကင်းစကလေးငယ်နှင့်သူ၏မိခင်ကဲ့သို့ ကိုယ်တော်သည် ကျွန်ုပ်တို့အား သူ၏နှလုံးသားနှင့် နီးကပ်စွာ ပွေ့ချီထားကြောင်း အမှတ်ရစေသည်။ “ထိုဘုရားသည် မောသောသူတို့အား ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကိုပေးတော်မူ”သောကြောင့် (ငယ်၂၉)၊ ဝိညာဉ်တော်၏ သက်သာဖွယ်နှစ်သိမ့်ကုစားပေးမှုသည် နေ့ရက်တိုင်း ၏စိန်ခေါ်မှုကို ရင်ဆိုင်နိုင်စေတော့သည်။ သူမ၏မွေးကင်းစကလေးအပေါ်ထားသည့် မိခင်တစ်ဦး၏မေတ္တာကို တွေးမိတိုင်း သင့်စိတ်ထဲ မည်သည့်အရာ ဝင်ရောက်လာသနည်း။ ဘုရားသခင်၏ကာကွယ်ပေးမှုနှင့် ချစ်ခြင်းကရုဏာတို့သည် သင့်အား မည်သို့ခိုင်ခံ့စေသနည်း။ ကောင်းကင်ဘုံရှင်အဘဘုရား၊ ကျွန်ုပ်အား သခင့်၏နှလုံးသားနှင့် နီးကပ်စွာ ထားရှိသည့်အတွက် အလွန်ကျေးဇူးတင်ပါ၏။ □ သု ၁၉-၂၁ □ ၂ ကော ၇ ဘုရားသခင်၏နူးညံ့သောဂရုစိုက်မှု ဟေရှာယအနာဂတ္တိကျမ်း ၄၀ သည် ဤကျမ်းစောင်၏အရွေ့အပြောင်းတစ်ခုဖြစ်သည်။ အခန်းကြီး ၁ မှ ၃၉ ထိ သည် ယုဒလူမျိုးတို့၏အခြေအနေနှင့် (အရိပ်အမြွက်ဖော်ပြသည့်)၎င်းတို့ကို စီရင်ခြင်းအကြောင်းကို အဓိကဖော်ပြထားသည်။ ၎င်းတို့သည် မောရှေအားဖြင့် ၎င်းတို့နှင့် ဘုရားသခင်တို့ပြုသော ပဋိညာဥ်ကို အဖန်တစ်လဲလဲ ကျူးလွန်ချိုးဖောက်ကြသည်။ယခုတွင် ဟေရှာယ၏ ပြောကြားချက်များက အလွန်အံ့အားသင့်ဖွယ် ပြောင်းလဲသွားသည်။ အခန်းငယ် ၁၀ တွင် ပါရှိသည့် “ဆုလပ်တော်”သည် မည်သည်ကို ရည်ညွှန်းသနည်း။ ထိုကျမ်းပိုဒ်နှင့်ဆက်စပ်သည့်စကားအသွားအလာက စစ်ရေးဆန်သည်- “ကြည့်ရှုလော့။ အရှင် ထာဝရဘုရားသည် ကြီးသောတန်ခိုးနှင့်ကြွလာ၍ လက်ရုံးတော်အားဖြင့် အစိုးရတော်မူလိမ့်မည်”။ ထို့ကြောင့် ““ဆုလပ်တော်””သည် တိုက်ပွဲမှသိမ်းယူရရှိသည့် ဥစ္စာပစ္စည်းများကို ရည်ညွှန်းခြင်းဖြစ်နိုင်ပါသည်။ တစ်ဖန် “မိမိခံထိုက် တော်မူသောအခ”ဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်၏လူတို့အား ဘုရားရှင်မှ ပြန်လည် တည်ဆောက်သည့် အချိန်တွင် ပေးသနားမည့်ဆု (သို့) ဖိနှိပ်ခဲ့သူတို့အပေါ် ဘုရားရှင် သွန်းလောင်း မည့်အမျက်တော် လက်စားခြေမှု တစ်ခုခု ဖြစ်လိမ့်မည်။ထိုသို့ စစ်ရေးအသုံးအနှုန်းများကိုကိုယ်တော်၏ကရုဏာနှင့် ဆန့်ကျင်ပြီး သုံးနှုန်းမှုများစွာကို ဤအခန်းကြီး၌ တွေ့ရသည်။ နေ့ရက်စဥ်တိုင်း၌ ကျွန်ုပ်တို့ကြုံတွေ့ရသည့် အခက်အခဲ စိန်ခေါ်မှုများတွင် ကျွန်ုပ်တို့ကို ကြီးမားသည့် ကရုဏာနှင့် နှစ်သိမ့်သက်သာစေမှုကို ဖော်ပြနိုင်အောင် မှန်ကန်သင့်လျော်စွာ ဖော်ပြသည့် ဘုရားရှင်၏ခွန်အားက ကိုယ်တော့်ကို မစခဲ့ပါသည်။ တင်မ်ဂပ်စ်ထက်ဖ်ဆန် https://myanmar-odb.org/PoP
Nancy Gavilanes ဖိလိပ္ပိသြဝါဒစာ ၄:၄-၉ ....ညီအစ်ကိုတို့၊ သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သော အကျင့်၊ စင်ကြယ်သောအကျင့်၊ ... ရှိသမျှတို့ကို... နှလုံးသွင်းကြလော့။ [ ဖိ ၄:၈ ] Katie Ledecky(ကေတီလဒက်ကီ)သည် သူအကျွမ်းကျင်ဆုံးရေကူးအားကစားဖြင့် ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲ၏ မီတာ၁၅၀၀ အလွတ်ကူးပြိုင်ပွဲတွင် ယှဥ်ပြိုင်ရင်း တစ်ကြော့ပြီးတစ်ကြော့ ကူးခတ်ခဲ့သည်။ သူမသည် ၁၅ မိနစ်ခန့် စောပြီး အခြားရေကူးသမားများ၏ရှေ့မှပန်းဝင်ခဲ့ပြီး တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေသည်။ ထိုတာဝေးရေကူးပြိုင်ပွဲတွင် လဒက်ကီသည် မည်သည့် အရာများကို တွေးနေသနည်း။ သူမ အိုလံပစ်စံချိန်သစ် တင်နိုင်ခဲ့ပြီး ရွှေတံဆိပ်ရခဲ့သည့်ပြိုင်ပွဲအပြီး ချက်ချင်းပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် လဒက်ကီ သည် သူမ၏လေ့ကျင့်ဖော်များအကြောင်း စဉ်းစားနေပြီး၊ ၎င်းတို့၏အမည်များကို စိတ်ထဲ၌ ရေရွတ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တာဝေးရေကူးသမားများသာ မှန်ကန်သောအရာများအပေါ် အာရုံစိုက်ရန် လိုအပ်သူများ မဟုတ်ပါ။ သခင်ယေရှု၌ ယုံကြည်သူ ကျွန်ုပ်တို့သည်လည်း ယုံကြည်ခြင်းခရီးတစ်လျှောက်တွင် မိမိ၏အတွေးများကို စောင့်ထိန်းရန်လိုသည်။ တမန်တော်ရှင်ပေါလုသည် ဖိလိပ္ပိအသင်းတော်အား “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ဆုတောင်းပတ္ထနာပြု”ကာ၊ “သခင်ဘုရား၌ ဝမ်းမြောက် ရန်” ခွန်အားပေးခဲ့သည်(ဖိ၄:၄-၆)။ ရလဒ်အနေဖြင့် “အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မမည်”ဖြစ်သည်(:၇)။ ငြိမ်သက်ခြင်းအရှင်ယေရှုသည် ကျွန်ုပ်တို့၏စိုးရိမ်မှုများနှင့် ဒုက္ခပြဿနာများကို မှန်သောအမြင် ရှုထောင့်မှ မြင်နိုင်အောင် မစပေသည်။ ရှင်ပေါလုသည် ယုံကြည်သူများအား “သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကို နှလုံးသွင်းကြလော့”ဟူ၍ ခွန်အားပေးခဲ့သည်(:၈)။ တစ်နေ့တာကို ဖြတ်သန်းရင်း မိမိတို့၏အတွေးများကို သတိပြုကြပါစို့။ မိမိ၏အသက်တာ၌ လှုပ်ရှားနေသည့် ဘုရားသခင်၏လက်တော်ကို မြင်ရသည့်အခါ ကောင်းချီးများကို ရေတွက်ကာ ကိုယ်တော့်အား ဝတ်ပြုနိုင်ပေသည်။ မကြာမီက မည်သည့်အရာများကို သင်တွေးတောနေခဲ့သနည်း။ သင်၏အတွေးများအားဖြင့် ဘုရားသခင်အား မည်သို့ရိုသေလေးမြတ်နိုင်သနည်း။ ချစ်တော်မူသောဘုရားသခင်၊ ကျွန်ုပ်၏အတွေးများသည် ကိုယ်တော်ရှေ့၌ နှစ်သက်ဖွယ်ဖြစ်စေတော်မူပါ။ □ သု ၁၃-၁၅ □ ၂ ကော ၅ ခရစ်တော်၌ အတွေးများကို ချုပ်ထိန်းပါ ဝမ်းမြောက်ခြင်းစာစောင် (ဖိလိပ္ပိဩဝါဒစာ ၁း၄၊ ၂၅၊ ၂း၂၊ ၂၉၊ ၄း၁)တွင် ရှင်ပေါလုက သခင်ယေရှုကို ယုံကြည်သူများအား “သခင်ဘုရား၌ အစဥ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့”(၄း၄)ဟု စိန်ခေါ်ခဲ့သည်။ သူအဘယ့်ကြောင့် ဝမ်းမြောက်သည်ကို ရှင်းလင်းပြောဆိုပြီး၊ ယုံကြည်သူများအား ထိုနည်းတူ ဝမ်းမြောက်ခြင်းရှိရန် တိုက်တွန်းခွန်အားပေးခဲ့သည်(၁း၁၈၊ ၂း၁၇-၁၈၊ ၃း၁၊ ၄း၄၊ ၁၀)။ ရှင်ပေါလုသည် အစောပိုင်းကာလ လွန်ခဲ့သော ၁၀ နှစ်သူ၏သာသနာပြုခရီး ဒုတိယခရီးစဥ်တွင် ရောမကိုလိုနီဖြစ်သော ဖိလိပ္ပိမြို့သို့ ပထမဆုံး အကြိမ်ရောက်ရှိသောအခါ မြို့၏ငြိမ်ဝပ်အေးချမ်းမှုကို နှောင့်ယှက်သည်ဟု မှားယွင်းစွတ်စွဲခံခဲ့ရသည်။ တရားမဝင် ရိုက်နှက်ခံခဲ့ရပြီး၊ မတရားသဖြင့် ထောင်ချခံခဲ့ရသည့်တိုင် (တမန်တော်ဝတ္ထု ၁၆း၂၀-၂၆)၊ သူသည် “ပတ္ထနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် ”(၂၅) ငြိမ်သက်အေးချမ်းစွာ ရှိနေခဲ့သည်။ ဖိလိပ္ပိဩဝါဒစာအခန်းကြီး ၄ တွင် “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။.... စင်ကြယ်သော အကျင့် သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်...ရှိသမျှတို့ကို ...ကျင့်ကြလော့”(၆၊ ၈)ဟု ရှင်ပေါလု ပြောကြားခဲ့သည်။ ကျွန်ုပ်တို့၏အတွေးများကို ဘုရားသခင်ပြုသောအမှုများ၌ အာရုံပြုသောအခါ စုံစမ်းနှောင့်ယှက်ခြင်းများအတွင်းတွင် ပင်လျှင်ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်နိုင်ပါသည်။ K.T. Sim https://myanmar-odb.org/PoJ
ဆိုချီးလ်ဒစ်စင် ရောမသြဝါဒစာ ၁၅:၃၀-၃၂ သင်တို့သည် ငါနှင့်အတူကြိုးစားအားထုတ်၍ ငါ့အဖို့အလိုငှာ ဘုရားသခင်ကို ဆုတောင်းပတ္ထနာ ပြုကြလော့။ [ ရော ၁၅:၃၁ ] ခြင်္သေ့မတစ်ကောင်ကို ခွေးအ အုပ်စုက ဝိုင်းထားသည်။ ခွေးအ များက တိုက်ခိုက် သောအခါ ခြင်္သေ့က ပြန်တိုက်ခိုက်သည်။ သူမ၏ရန်သူများကို တားဆီးရန် အပြင်းအထန်ကြိုးပမ်းကာ ကိုက်ခြင်း၊ ကုတ်ခြစ်ခြင်း၊ မာန်ဖီခြင်း၊ ဟိန်းခြင်းပြုလုပ်ရင်း နောက်ဆုံးတွင် သူမ လဲကျသွားခဲ့သည်။ ခွေးအ များက သူမကို ဝိုင်းလိုက်စဉ် အခြားခြင်္သေ့မတစ်ကောင်ရောက်လာပြီး ၎င်းကို ကယ်ခဲ့သည်။ စက္ကန့်ပိုင်းအတွင်း နောက်ထပ်ခြင်္သေ့သုံးကောင် စစ်ကူရောက်လာသည်။ ခွေးအ အကောင်ရေ များသော်လည်း၊ ခြင်္သေ့များသည် ခွေးအ များ အုပ်စုကွဲသွားသည်အထိ တိုက်ခိုက်ခဲ့ကြသည်။ ခြင်္သေ့များသည် နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ရန် မျှော်လင့်ထားသလိုမျိုး ဘေးပတ်လည်ကို စောင့်ကြည့်ကာ အတူတကွ ရပ်နေကြသည်။ သခင်ယေရှုကို ယုံကြည်သူများသည်လည်း အခြားသူများထံမှ မဖြစ်မနေ အကူအညီ လိုအပ်ပြီး၊ ကျွန်ုပ်တို့ပေးနိုင်သော အစွမ်းထက်ဆုံးအကူအညီမှာ ဆုတောင်းခြင်းပင်ဖြစ်သည်။ ရှင်ပေါလုက “ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍ ငါ့အဖို့အလိုငှာ ဘုရားသခင်ကို ဆုတောင်းပတ္ထနာ ပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဥ်တော်၏မေတ္တာကရုဏာကို အကြောင်းပြု၍… ငါတိုက်တွန်းနှိုးဆော်ပါ၏”ဟု ရောမမြို့ရှိ အသင်းတော်သို့ စာရေးခဲ့ပြီး(ရော ၁၅:၃၁)၊ သူ့အား “ယုဒပြည်၌ မယုံကြည်သူတို့လက်မှ ကွယ်ကာရန်” နှင့် “သခင်ဘုရား၏လူများ”သည် သူနှင့်သူ၏အစေခံမှုကို မျက်နှာသာ ပေး၍ လက်ခံမည်အကြောင်း ဆုတောင်းပေးရန် တောင်းဆိုခဲ့သည်။ သူ့အနေနှင့် ထိုအသိုက်အဝန်းနှင့် တစ်စိတ်တစ်ပိုင်းဖြစ်ခြင်း၏အကျိုးများကို သူအသိအမှတ် ပြုခဲ့သည်(:၃၂)။ ရှင်ပေါလုက “ငြိမ်သက်ခြင်း၏အရှင်၊ ဘုရားသခင်သည် သင်တို့ရှိသမျှနှင့်အတူ တည်နေတော်မူပါစေသော”ဟု ကောင်းချီးပေးခြင်းဖြင့် သူ့စာကို အဆုံးသတ်ကာ(:၃၃)၊ သူတို့နှင့်အတူ ဆုတောင်းခဲ့သည်။ သခင်ယေရှုအတွက် အသက်ရှင်သည်နှင့် ကျွန်ုပ်တို့သည် ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးရာနယ်ပယ်များတွင် ရန်သူများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့နှင့်အတူရှိပြီး၊ ကျွန်ုပ်တို့၏ကိုယ်စား တိုက်ပွဲဝင်ရန် ကတိရှိသည့်တိုင် ကျွန်ုပ်တို့လည်း ဆုတောင်းရန် အစဥ် အသင့်ရှိလျက်၊ အတူတကွရပ်တည်ရပေမည်။ သင့်အား ခိုင်ခံ့စေရန်အတွက် တစ်စုံတစ်ဦး၏ကြားဝင် ဆုတောင်းပေးမှုကို ဘုရားသခင် မည်သို့အသုံးပြုခဲ့သနည်း။ ဆုတောင်းရန် အသင့်ဖြစ်အောင် သင့်အား ဘုရားရှင် မည်သို့ ပြင်ဆင်ထားသနည်း။ တန်ခိုးကြီးသော ဘုရားသခင်၊ ကိုယ်တော်နှင့်၊ အခြားသူများနှင့်အတူ အသင်းတော်တွင် ရှင်သန်စဉ် ဆုတောင်းခြင်း၌ ခိုင်ခံ့မြဲမြံစေရန် ကျွန်ုပ်အား မစတော်မူပါ။ □ ဆာ ၁၄၀-၁၄၂ □ ၁ ကော ၁၄:၁-၂၀ ဆုတောင်းရန် အဆင်သင့်ဖြစ်ခြင်း သခင်ယေရှုကို ယုံကြည်သူများအား သူနှင့်အတူ ဆုတောင်းရန် နှိုးဆော်ခဲ့သည်(ရောမဩဝါဒစာ ၁၅း၃၀)။ “join”ဆိုသည့် စကားလုံးသည် ဂရိဘာသာစကား၌ အတူတကွ ကြိုးစားအားထုတ်လုပ်ဆောင်ခြင်းဟူသည့်သဘောကို ဖော်ဆောင်သည်။ ရောမမြို့ရှိယုံကြည်သူများသည် ဘုရားသခင်ထံ သစ္စာရှိရှိ လုံးပမ်းဆုတောင်းခြင်းအားဖြင့် သူမကြာမြင့်မီရင်ဆိုင်ရမည့် စိန်ခေါ်မှုအတွက် ဆုတောင်းပေးရန်၊ ပန်းတိုင်ရောက်ရန် ကြိုးစားအားထုတ်နေသည့် အားကစားသမားကဲ့သို့ သူ့အတွက် ဆုတောင်းပေးစေလိုခဲ့သည်။ ယုဒလူတို့လက်မှပြင်းထန်သောဆန့်ကျင်မှုကို ခံရနိုင်ခြေရှိခြင်းကြောင့် ရှင်ပေါလု စိတ်ပူပန်ခဲ့ရသည်ကို တွေ့ရပါသည်(း၃၁၊ တမန်တော်ဝတ္ထု ၂၀း၂၂-၂၅)။ တမန်တော်ဝတ္ထု ၂၁ မှ ၂၇ တွင် ယေရုရှလင်၌ ရှင်ပေါလု မည်သို့ တွေ့ကြုံခဲ့ရ သည်ကို ဖတ်ရှုရသည်။ လူအုပ်ကြီးက သူ့ကို ချုပ်နှောင်ဖမ်းဆီးပြီး(၂၁း၂၇-၃၆)၊ ဘာသာရေးခေါင်းဆောင် များက သူ့ကိုသတ်ရန် ကြံစည်ကြသည်(၂၃း၁၂-၁၅)။ ထို့နောက် ရောမမြို့သို့ သူ့ကိုမပို့မီ ထောင်၌ ၂ နှစ်နေခဲ့ရသည် (၂၄း၂၇၊ ၂၆း၃၂-၂၇း၁)။ “ငြင်းဆန်သူတို့လက်မှ ငါလွတ်မည့်အကြောင်း”(ရောမဩဝါဒစာ ၁၅း၃၁) ဆုတောင်းရန် ရှင်ပေါလုနှိုးဆော်ရာ၌ အထက်ပါ အရာများသည် သူမျှော်လင့်သည့်အရာများမဟုတ်ပါ။ သို့သော် ဘုရားသခင်၏အလိုတော်၊ တန်ခိုးနှင့် ပြည့်စုံသည့် ကိုယ်တော်၏ အတူရှိမှု (၃၂)ကို သူကိုးစားနိုင်ခဲ့သည်။ သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့နှင့်အတူရှိသူ၊ ကျွန်ုပ်တို့အတွက် စစ်မှုကို ရင်ဆိုင်ပေးသူ ဘုရားသခင်အား ကျွန်ုပ်တို့ ကိုးစားနိုင်ပါသည်။ မိုနီကာလာရို့စ် https://myanmar-odb.org/Pme
ဝင်းကော်လီယာ ရောမသြဝါဒစာ ၁၂:၁၄-၂၁ အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို နိုင်လော့။ [ ရောမ ၁၂:၂၁ ] စိတ်ကူးယဉ်ဇာတ်လမ်းထဲမှ တိရစ္ဆာန်များနှင့် စကားပြောသူ ဒေါက်တာ ဒိုလီတဲလ်သည် စာအုပ်များ၊ ရုပ်ရှင်များနှင့် ပြဇာတ်များမှတစ်ဆင့် ပရိသတ်များကို ပျော်ရွှင်စေခဲ့သည်။ သို့သော် ပထမကမ္ဘာစစ်အတွင်း ကြောက်မက်ဖွယ် ကတုတ်ကျင်းများကြားမှ သူ၏ကလေးများအတွက် ဒိုလီတဲလ်ပုံပြင်များကို စတင်ရေးသားခဲ့သူ စာရေးဆရာ ဟုဂျ်လော့ဖ်တင်အကြောင်းကို လူအနည်းငယ်သာ သိကြသည်။ စစ်အနိဌာရုံများကို ရေးသားရန်မှာ အလွန်ကြောက်မက်ဖွယ်ဖြစ်ခြင်းကြောင့် သူသည် ပုံပြင်များကိုသာ ရေးသားသရုပ်ဖော်ခဲ့သည်ဟု သူက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ စိတ်ကူးယဉ်ဆန်ပြီး နှစ်သက်ပျော်ရွှင်စရာများနှင့်ပြည့်သော ပုံပြင်များသည် စစ်၏ထိတ်လန့်ဖွယ်ရာများကို တွန်းလှန်ဖယ်ရှားသည့် လော့ဖ်တင်၏နည်းလမ်းပင်။ မတားဆီးနိုင်လောက်အောင် အားကြီးပြီး၊ ခြိမ်းခြောက်လျက် အရှက်ရ‌စေသော အင်အားစုများကို ဆန့်ကျင်ကာ လှုပ်ရှားနေသူတစ်ဦးကို မြင်တွေ့ရခြင်းက စိတ်ကို အားတက်ဖွယ်နှိုးဆော်သည်။ မတရားမှု၊ အကြမ်းဖက်မှုနှင့် လောဘတရားများ အောင်နိုင်သွားမည်ကို စိုးရိမ်သောကြောင့် ကြံ့ကြံ့ခံနိုင်ရည် သတ္တိကို ကျွန်ုပ်တို့အံ့သြလေးစားကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ မကောင်းမှုက ကမ္ဘာတစ်ခုလုံးကို အနိုင်ယူသွားမှာကို (ရော ၁၂:၂၁) ကျွန်ုပ်တို့ စိုးရိမ်ကြသည်။ အကယ်၍ ကိုယ့်စိတ်နှင့်ကိုယ်သာဆိုလျှင် ထိုကြောက်ရွံ့မှုများ ခိုင်မာစွာအမြစ်တွယ်သွားနိုင်သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို မိမိတို့ဘာသာဆုံးဖြတ်ရန် ပစ်ပယ်မထားခဲ့ပေ။ ကျွန်ုပ်တို့ကို သူ၏မြင့်မြတ်သောခွန်အားဖြင့် ပြည့်စေပြီး၊ ကျွန်ုပ်တို့ကို ပါဝင်လုပ်ဆောင်စေလျက်၊ “အကောင်းအားဖြင့် အဆိုးကို အနိုင်ယူရန်” ( :၂၁) ခေါ်ယူတော်မူသည်။ ကျွန်ုပ်တို့တစ်ဦးစီတိုင်း၏နှလုံးသား၌ ဘုရားရှင်ထည့်ပေးထားသော မည်သည့် နည်းလမ်းဖြင့်မဆို အကောင်းအားဖြင့် အဆိုးကို အနိုင်ယူကြသည်။ အချို့က လှပသောပုံပြင်များကို ရေးသားကြသည်။ အချို့က ဆင်းရဲသားများကို ဂရုပြုကြသည်။ အချို့က မိမိတို့၏အိမ်ကို ကြိုဆိုဧည့်ခံရာနေရာအဖြစ် ဖွင့်ပေးသည်။ အချို့ကမူ သီချင်း၊ ကဗျာ (သို့) စကားဝိုင်းများမှတစ်ဆင့် ဘုရားသခင် အကြောင်းကိုမျှဝေကြသည်။ နည်းလမ်းမြောက်မြားစွာဖြင့် ကျွန်ုပ်တို့သည် ဘုရား၏ ကောင်းမြတ်ခြင်းနှင့် ငြိမ်သက်ခြင်းကို ကမ္ဘာလောကသို့ သယ်ဆောင်လျက် (:၁၈) သွားလေရာရာ၌ မကောင်းမှုကို အနိုင်ယူကြပေသည်။ မည်သည့်နေရာ၌ မကောင်းမှုသည် ချောင်းမြောင်းပုန်းအောင်းနေသည်ကို သင်မြင်သနည်း။ အကောင်းအားဖြင့် အဆိုးကိုအနိုင်ယူရန် သင်မည်သည့်ကဏ္ဍတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်မည်နည်း။ ချစ်သောဘုရားသခင်၊ ကျွန်ုပ်အား အကောင်းအားဖြင့် အဆိုးကိုအနိုင်ယူခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေရန် မစတော်မူပါ။ □ သု ၂၅-၂၆ □ ၂ ကော ၉ ဘုရားသခင်နှင့်အတူ အဆိုးကို အောင်နိုင်ခြင်း ရောမဩဝါဒစာ ၁၂ သည် ဤမှောင်မိုက်သော ကမ္ဘာလောကတွင် ဆားနှင့်အလင်းဖြစ်စေရန် သခင်ယေရှု၏ စိန်ခေါ်မှုအား မည်သို့ဖော်‌ဆောင်အသက်ရှင်ရမည်ကို တမန်တော်ပေါလုဖော်ပြသည့် အံ့ဩဖွယ် စနစ်တကျကျမ်းတစ်ကျမ်းဖြစ်သည် (ရှင်မဿဲခရစ်ဝင် ၅း၁၃-၁၄ ကိုရှု)။ ဘုရားသခင်၏ ကောင်းမြတ်မှုနှင့် ငြိမ်သက် ငြိမ်းချမ်းရေးကို သခင်ယေရှုကို ယုံကြည်သူများမှတစ်ဆင့် တွေ့မြင်ရရန် လောကသားတို့၌ အခွင့်အရေး ရှိကြ သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ပတ်လည်တွင်ရှိသော အဆိုးနှင့်ပဋိပက္ခများတွင် ကောင်းမြတ်မှုနှင့် ငြိမ်းချမ်းမှုက အံ့ဩဖွယ် ခြားနားကွဲပြားမှုရှိနေခြင်းကြောင့် ဖြစ်သည်။ ရှင်ပေါလု၏စာများက ကျွန်ုပ်တို့အား ကယ်တင်ခြင်းသတင်းကောင်းကိုလက်တွေ့ မည်သို့ရှင်သန်ပြရမည်ကို စွမ်းအားကြီးစွာသရုပ်ဖော်ပြနေသည်။ ယုံကြည်ခြင်းဖြင့်အသက်ရှင်ခြင်းသည် အခြားအရာများထဲမှ ရွေးချယ်ရသည့်အရာ မဟုတ်ဘဲ၊ ၎င်းသည် အသက်တာကို ပြောင်းလဲစေသော ကယ်တင်ခြင်းသတင်းကောင်း၏သက်သေများဖြစ်ခြင်း၏ရှိရင်းစွဲ ဖြစ်တည်မှုဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်သည့်အရာက ကျွန်ုပ်တို့၏ ဘဝအသက်ရှင်သန်ပုံကို မဖြစ်မနေ ထူးခြား ပြောင်းလဲမှု ဖြစ်စေရမည်။ ထို့ပြင် ဝိညာဥ်တော်၏တန်ခိုးဖြင့် ယုံကြည်ခြင်းကို လက်တွေ့ရှင်သန်ပြသောအခါ ဘုရားသခင်၏နှလုံးသားကို မြင်အောင် ပေါ်လွင်ထင်ရှားစွာ ကျွန်ုပ်တို့ဖော်ပြနေတော့သည်။ ဘေလ်ခရောက်ဒါ https://myanmar-odb.org/PoT
ပက်ထရစ်ရှာရေဗန် ရှင်မဿဲခရစ်ဝင် ၂၈:၁၆-၂၀ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေကြလော့။ [ မ ၂၈:၁၉ ] ဘတ်စကတ်ဘော၏အစောပိုင်းရာသီတွင် ကျွန်မတို့ရပ်ကွက်ရှိ အလယ်တန်းကျောင်း၏ နည်းပြဆရာက သူ၏ကစားသမားများအား ဘောလုံးကို စွန့်စားပစ်သွင်းရန် အလွန်အမင်း ကြိုးစားစည်းရုံးနေခဲ့သည်။ “သွင်းလိုက်”ဟု ကွင်းဘေးမှ သူအော်ဟစ်ခဲ့သည်။ စိတ်အားထက်သန်နေသော သူ၏ကစားသမားများသည် ဘောလုံးကို လက်ဆင့်ကမ်းပေးခဲ့ကြသည်။ ဘောလုံးကို ရိုက်ပုတ်သယ်သွားခြင်းကိုလည်း သူတို့နှစ်သက်သည်။ သူတို့၏သံသယများ မရှင်းမီ ဘောလုံးပစ်ကာဂိုးသွင်းရန်ကြိုးစားရင်းနှင့်ပင် ရာသီတစ်ဝက်ကုန်သွားခဲ့သည်။ သို့သော် “ဂိုးသွင်းရန် ကြိုးစားခြင်း”က အနေအထားကို တစ်မူကွဲပြားစေခဲ့သည်။ သူတို့၏သံသယများကို စွန့်ပြီး သူတို့၏နည်းပြကို နာခံခြင်းဖြင့်၊ မကြာခဏ ပစ်မှတ်ကို လွှဲချော်ခဲ့သည့်တိုင် သူတို့အနိုင်ယူရန် သင်ယူခဲ့သည်။ တပည့်တော်ဖြစ်ရန် သခင်ယေရှု၏ခေါ်သံကို နာခံလိုက်လျှောက်နိုင်ရေး သံသယများကိုစွန့်ပစ်ရန် သခင် ကျွန်ုပ်တို့ကို သွန်သင်ခဲ့သည်။ “ယေရှုသည် အနီး အပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့”ဟု ရှင်းပြခဲ့သည်(မ ၂၈:၁၈-၂၀)။ လက်တွေ့ကျကျပြောရလျှင် မိမိ၏သက်တောင့်သက်သာဖြစ်မှုထဲမှ ထွက်ပြီး၊ ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုပေးခဲ့သည့်အမှုကို မျှဝေရန်၊ သို့မဟုတ် နာကျင်နေသောအိမ်နီးချင်းတို့၏ဘဝများထဲသို့ ဝင်ရောက်ကာ သခင်ယေရှု၏ ချစ်ခြင်းမေတ္တာကို ပြသရန်ဖြစ်သည်။ သို့သော် မိမိ၏ သံသယများကို စွန့်လွှတ်ကာ ကြိုးစားကြည့်မှသာ ထိုကဲ့သို့သောချဉ်းကပ်မှုမျိုးက ထိရောက်လိမ့်မည်။ ရှင်ယေရှု၏အခွင့်အာဏာဖြင့် ခက်ခဲသယောင်ဖြစ်သည့် တပည့်တော် မွေးထုတ်ခြင်းကို ကျွန်ုပ်တို့လုပ်ဆောင်သည်။ သို့သော် စိုးကြောက်ရန် မလိုပါ။ “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်”ဟု ရှင်ယေရှုကတိတော်ထားရှိသောကြောင့်ဖြစ်သည် (:၂၀)။ တပည့်တော်ဖြစ်စေခြင်းနှင့်စပ်လျဥ်း၍ သင့်တွင် မည်သည့်အကြောက်တရားနှင့် သံသယတို့ရှိနေသနည်း။ အဘယ်ကြောင့်နည်း။ ခရစ်တော်၏ခေါ်ယူစေစားတော်မူခြင်းကို သင်မည်ကဲ့သို့နာခံနိုင်မည်နည်း။ အဘဘုရားသခင်၊ တပည့်တော်များပေါ်ထွန်းလာစေရေးလုပ်ဆောင်ရန် ကျွန်ုပ်၌ လေ့ကျင့်မှုလိုပါ၏။ သို့သော် သံသယကို စွန့်လွှတ်ပြီး ကြိုးစားကြည့်စေရန် ကျွန်ုပ်အား ကျေးဇူးပြု၍ မစတော်မူပါ။ □ သု ၂၂-၂၄ □ ၂ ကော ၈ ခရစ်တော်အတွက် တပည့်တော်များဖြစ်စေခြင်း ခရစ်ဝင်ကျမ်းများတွင် သခင်ယေရှုကို “အစိုးရသောသူနည်းတူ”သွန်သင်သူနှင့် (ရှင်မဿဲခရစ်ဝင် ၇း၂၉)၊ “မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်”သူ(၉း၆)အဖြစ် ဖော်ပြကြသည်။ ဘုရားသခင်သည် “သားတော်လက်သို့ အပ်ပေး‌တော်မူသမျှသော သူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှာ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကို သားတော်အား ပေးတော်မူသည်”(ရှင်ယောဟန်ခရစ်ဝင် ၁၇း၂)။ တပည့်တော် ၁၂ ပါးတို့အား ဟောပြောသွန်သင်ရန် ခရစ်တော်စေလွှတ်တော်မူသောအခါ ၎င်းတို့အား သူ၏အခွင့်အာဏာကို ပေးအပ်ခဲ့သည်(ရှင်မဿဲခရစ်ဝင် ၁၀း၂)။သခင်၏အသေခံခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်း ပြီးနောက် ခမည်းတော်ထံသို့ ပြန်လည်မတက်ကြွမီ သခင်ယေရှုသည် လောကသားတို့အား သတင်းကောင်းကို ကြားပြောရန်အမှုတော်ကို ကျွန်ုပ်တို့အား စေစားအပ်နှံခဲ့သည်။ ကျွန်ုပ်တို့အတွက် ပြုသောအရာကို အခြားသူတို့အား ကြားပြောပြီး၊ ၎င်းတို့ကို တပည့်တော်ဖြစ်စေရန် ကိုယ်တော်မိန့်ခဲ့သည်(၁၈း၁၉-၂၀)။ ကျွန်ုပ်တို့သည် မိမိဘာသာထွက်ပြီး လုပ်ဆောင်ခြင်းမဟုတ်ခြင်းကြောင့် သံသယများကို စွန့်ပစ်လိုက်နိုင်ပါပြီ ။ သခင်ခရစ်တော်က “ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဥ်မပြတ်ရှိသည်ဟု...” (၂၀)ကတိပြုထားပါသည်။ K.T. Sim https://myanmar-odb.org/PoR
loading
Comments (1)

Arladin Collection

can't play

Feb 17th
Reply